News

POST TYPE

LATEST NEWS POST

တရုတ် အဆုတ်ရောင်ရောဂါ မြန်မာနိုင်ငံအတွင်းမဝင်ရောက်စေရေး နယ်စပ်ဂိတ်တွင် စောင့်ကြည့်
22-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၂

တရုတ်နိုင်ငံတွင် ၆ ဦး အထိသေဆုံးနေပြီဖြစ်သည့် အဆုတ်ရောင်ရောဂါကို တရုတ်နိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ် ဝင်/ထွက်ပေါက် ဂိတ်များတွင် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ်ပြန်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် 2019 Novel Coronavirus ဓါတ်ခွဲအတည်ပြုလူနာ ၂၇၈ ဦးရှိပြီး ဓါတ်ခွဲအတည်ပြုရောဂါပိုးတွေ့ရှိသူများအနက် ၅၁ ဦးမှာ ရောဂါပြင်းထန်နေပြီး ၁၂ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြင်ပတွင် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ဓါတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုအဖြစ် ထိုင်းနိုင်ငံတွင် ၂ ဦး၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုတွင် ၁ ဦးစီ ရှိကြောင်း သတင်းထုန်ပြန်ချက်တွင်ပါရှိသည်။

တရုတ်ပြည်သူ့သမ္မနိုင်ငံ ဝူဟန်မြို့တွင် ဇန်နဝါရီလ ၂၂ရက်နေ့အထိ ဓါတ်ခွဲအတည်ပြု သေဆုံးလူနာ ၆ ဦးအထိရှိပြီး သေဆုံးသူများမှာ အသက်အရွယ်ကြီးရင့်သူများနှင့် နာတာရှည်ရောဂါအခံရှိသူများဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ၎င်းရောဂါဖြစ်ပွားနေခြင်းအပေါ် ဇန်နဝါရီ ၂၂ ရက်တွင် အရေးပေါ်အစည်းအဝေးကျင်းပရန် စီစဉ်နေပြီး ၎င်းအစည်းအဝေးတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာရန်သင့် မသင့်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်ပတ်သက်ပြီး ဆွေးနွေးကြမည်ဖြစ်သည်။

2019 Novel Coronavirus သည် ယခင်ဖြစ်ပွားခဲ့သော ဆားစ်ရောဂါနှင့် မားစ်ရောဂါတို့ကို ဖြစ်ပွားစေခဲ့သော ဗိုင်းရပ်စ်ပိုးများနှင့် မျိုးနွယ်အုပ်စုတူသော ရောဂါပိုးအမျိုးအစားဖြစ်သော်လည်း လက်ရှိဖြစ်ပွားနေသောအခြေအနေသည် လူမှတစ်ဆင့် လူသို့ ကူးစက်နိုင်ခြင်း ရှိမရှိနှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ “Limited Human to Human transmission”ဟု ပဏာမထုတ်ပြန်ထားပြီး ရောဂါပိုးကူးစက်မခံရစေရန် ကာကွယ်ရမည့်နည်းလမ်းများကိုလည်းထုတ်ပြန်ထားသည်။

2019 Novel Coronavirus ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန website,facebook page များမှတစ်ဆင့် ထုတ်ပြန်သွားမည်ဖြစ်ပြီး အများပြည်သူများအနေဖြင့်လည်း ထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း စနစ်တကျလိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

အောင်သက်ကို