News

POST TYPE

LATEST NEWS POST

ပုဇွန်တောင်မြို့နယ်တွင် လမ်းမကြီးပေါ်ကျုးကျော်နေသည့် ဆိုင်ခန်းများကို စည်ပင် ဖယ်ရှား
21-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၁

ပုဇွန်တော်မြို့နယ်၊ အမှတ် (၃) ရပ်ကွက် အောက်ပုဇွန်တောင်လမ်းမကြီးပေါ်ရှိ ကျူးကျော်ဆိုင်ခန်းများကို ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ဖယ်ရှားကြောင်း ယင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြင့်မြတ်သူက ပြောကြားသည်။

“လူသွားလမ်းမပေါ်ထိ ကျူးကျော်ဈေးရောင်းချနေတဲ့ လက်ဖက်ရည်ဆိုင်ကျူး၊ ထမင်းဆိုင်တွေကို ဖယ်ရှားခဲ့တာပါ။ မရှင်းခင်ကတည်းက အားလုံးကို အသိပေးထားပါတယ်။”ဟု ၎င်းက ဆိုသည်။

ယင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြင့်မြတ်သူ၏ ပြောဆိုချက်နှင့် ဖယ်ရှားခံရသော ဈေးသည်များ၏ ပြောကြားချက်များမှာ ကွာဟမှုများရှိနေသည်။

ဆိုင်ခန်းဖယ်ရှားခံခဲ့ရသည့် ဒေါ်ချိုချိုမြင့်က “အကြောင်းကြားထားတာလည်းမရှိဘဲနဲ့ ရုတ်တရက် ဘာမှမရောင်းရဘူးဖယ်ပေးခိုင်းတယ်။ ပလပ်ဖောင်းပေါ်လည်းတက်မရောင်းဘူး။ စည်ပင်က ပိုက်ဆံကြတော့ လာတောင်းတယ်။ ငါးထောင်နှစ်ခါပေးထားပြီးပြီ။ ပြန်ပြီးဈေးရောင်းချင်ပါတယ်။” ဟု ဆိုသည်။

ယခုကဲ့သို့ ကျူးကျော်ရောင်းချနေခြင်းသည် လမ်းသွားလမ်းလာများနှင့် ယာဉ်များအတွက် အန္တရာယ်ဖြစ်လာနိုင်သည့်အပြင် မြို့နယ်သန့်ရှင်းသာယာလှပခြင်းကို ထိခိုက်စေသောကြောင့် ဖယ်ရှားခြင်းဖြစ်ကြောင်း ဦးမြင့်မြတ်သူက ရှင်းပြသည်။

ပုဇွန်တောင်မြို့နယ်အတွင်းရှိသည့် ကျူးကျော်ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကာ လိုင်စင်ဆိုင်များကိုလည်း စည်းကမ်းမလိုက်နာပါက လိုင်စင်ရုတ်သိမ်းသွားမည်ဟု စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ၏ ညွန်ကြားချက်ဖြင့် ဆိုင်ခန်းပေါင်း ၂၀၊ စည်းကမ်းမဲ့ရပ်ထားသည့် ဆိုင်ကား ၈ စီးတို့ကို မြို့နယ်စည်ပင်၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်သည်။

နှင်းနုဝင်း