News

POST TYPE

LATEST NEWS POST

ကျောက်မျက်ကို ရတနာကုန်သွယ်ခွန်ဖြင့် စတင်အခွန်ကောက်
21-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံအတွင်းရှိ ကျောက်မျက်ရတနာများကို အထူးကုန်စည်ခွန်ဖြင့် ကောက်ခံရာမှ ၂၀၁၉ ပြည်ထောင်စု အကောက်ခွန်ဥပဒေအတည်ပြုချက်အရ ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံလျက်ရှိကြောင်း မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အထူးကုန်စည်ခွန်ကနေ ရတနာခွန်အဖြစ် ပြောင်းလဲလိုက်တဲ့အတွက် ကျောက်မျက်လုပ်ကိုင်သူတွေအနေနဲ့ ကျောက်တွေကို အိမ်၊ ကား စတဲ့နေရာတွေမှာထားပြီး ရောင်းဝယ်နိုင်တယ်။ အထည်တွေကိုခတ်ထားပြီး ရောင်းမထွက်ခင် အခွန်ကြိုမပေးရတော့လို့ အထည်ပုံစံဒီဇိုင်းတွေ ပြောင်းလဲနိုင်တယ်” ဟု မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျောက်မျက်ရတနာများကိုအထူးကုန် စည်ခွန်တွင် သတ်မှတ်စဉ်ကာလ၌ ကျောက်မျက်များကို အိမ်၊ ကားစသည့်နေရာများတွင် ဖမ်းဆီးအရေးယူမှု၊ အချောထည်များ မရောင်းချမီ အခွန်ကြိုတင်ကောက်ခံမှုများကြောင့် အရောင်းအဝယ်ပြုလုပ်ရာတွင် ကြန့်ကြာမှုများရှိကြောင်း အဆိုပါအသင်းထံမှသိရသည်။

လက်ရှိပြည်တွင်းအခွန်ဦးစီးဌာန အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးပြုလုပ်ရာတွင် ဈေးကွက်အတွင်းရောင်းကုန်များကို အခြေပြုသတ်မှတ်ထားခြင်းဖြစ်ပြီး ကျောက်စိမ်းများအတွက်အထူးကုန်စည်ခွန် ၁၅ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်း၊ စိန်နှင့်မြမှအပ ကျောက်မျက်အကြမ်းထည်များကို ၁၀ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း၊ စိန်နှင့် မြမှအပ ကျောက်မျက် အချောထည်များကို ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါပြောင်းလဲလိုက်သည့်နှုန်းထားဖြင့် ယခုနှစ်တွင်စတင်အခွန်ကောက်ခံလျက်ရှိပြီး ယင်းနှုန်းထားများကို ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူအများစု စိတ်ကျေနပ်မှုရှိကြောင်း ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ 

ပြည့်ဖြိုးမြင့်မွန်