News

POST TYPE

LATEST NEWS POST

ကြွက်နှိမ်နှင်းရန် မြွေရာနှင့်ချီလွှတ်ပေးမှု ဖယ်ခုံ ဒေသခံများ စိုးရိမ်ထိတ်လန့်
21-Jan-2020


တောင်ငူ၊ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကျေးရွာအချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကြွက်နှိမ်နှင်းရန်ဟုဆိုပြီး မြွေအကောင်ရေ ရာနှင့်ချီလွှတ်ပေးခဲ့ခြင်းအပေါ် စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောကြားသည်။

“ပွင့်လင်းမြင်သာစွာနဲ့ မလုပ်ဘူး။ ဘာမြွေတွေပါတယ်။ မြွေဘယ်နှစ်ကောင်ဆိုတာ မသိတော့ စိုးရိမ်တယ်။ ကြွက်ကျထားတာလည်း အတော်ကြာပြီဆိုတဲ့အခါ အဆိပ်ရှိမြွေပါလာမှာ စိုးရိမ်တယ်ဟု ဖယ်ခုံမြို့ ရွာတန်းရှည် ဒေသခံ ဦးအောင်နိုင်စိုးက ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က စတင်ပြီး ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာနှင့် ရွာတန်းရှည်အပါအဝင် ကျေးရွာလေးငါးရွာခန့်အနီးတွင် မြွေအချို့တောထဲလွှတ်ပေးခဲ့ခြင်းဖြစ်ပြီး မည်သည့်မြွေအမျိုးစားဆိုသည်ကို ဒေသခံများ မသိရှိရကြောင်း မြင်ခဲ့ရသူအချို့ထံမှသိရသည်။

အဆိုပါ ဖယ်ခုံမြို့နယ်အတွင်း လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့် ၂၀၁၆ ၂၀၁၇ ခန့်က ကြွက်ကောင်ရေ သောင်းချီပြီးကျရောက်ခဲ့သည့်အတွက် စပါးစိုက်ခင်း၊တောင်ယာခင်းနှင့် ဖာလာအပါအဝင် ဥယျာဉ်စိုက်ခင်းအချို့ကို စားသောက်ဖျက်ဆီးခံခဲ့ရသည်ဟု ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ မြွေများသည် ဆောင်းရာသီကာလ စိုက်ခင်းဖျက်ဆီးတတ်သည့် ကြွက်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကယန်းတိုင်းရင်းသားဝန်ကြီး ဦးခွန်အေးမော်အစီမံဖြင့် လွှတ်ပေးခဲ့ခြင်းသာဖြစ်သည်ဟု ဖယ်ခုံမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအန်ဂျေလိုက ပြောကြားသည်။

မြွေကောင်ရေ နှစ်ရာ့ငါးဆယ်ကျော်လောက်ရှိပါတယ်။ ကျေးရွာအလိုက်လွှတ်ပေးတာဖြစ်ပြီး မြွေဆိုးမဟုတ်ပါဘူး။ ကိုင်လို့တွယ်လို့ရတယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆောင်းရာသီကာလ စပါးပေါ်ချိန် ပဲပေါ်ချိန် ကြွက်အန္တရာယ်နှင့်ကြုံရလေ့ရှိပြီး အထူးသဖြင့် ဝါးပင်များ အပွင့်လိုက်ပြီး အသီးကပ်ချိန် ပေါက်ဖွားမှုနူန်း မြင့်တက်သည့်အတွက် လေးနှစ်လျှင် တစ်ကြိမ်ခန့် ကြွက်အန္တရာယ်ကျရောက်တတ်သည်ဟု ကရင်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ ဒေသခံအချို့က ဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်း အစွန်ဘက်ရှိ ဖယ်ခုံမြို့နယ်သည် ကယားပြည်နယ်နှင့်ထိဆက်နေသည့်အပြင် ကယန်းတိုင်းရင်းသားများ အများဆုံးရှိနေပြီး တောင်ယာစပါးစိုက်ခင်းနှင့် ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူများနေထိုင်ကြသည့် မြို့နယ်တစ်ခုဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရသည်။

R-15