News

POST TYPE

LATEST NEWS POST

ကြက်သားများကို စနစ်တကျကိုင်တွယ် ချက်ပြုတ်ပါက အန္တရာယ်မဖြစ်နိုင်ဟုဆို
18-Jan-2020

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ကျန်းမာရေးဝန်ကြီးဌာနဘက်မှ အရေးပေါ်အခြေအနေထုတ်ပြန်ခြင်း မရှိသည့်အတွက် ဈေးအကွက်အတွင်း ရောင်းချနေသည့် ကြက်သားများကို စနစ်တကျကိုင်တွယ်ချက်ပြုတ်စားသောက်ပါက အန္တရာယ်မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂအဖွဲ့မှ အတွင်းရေးမှုးဦးမောင်မောင် ကပြောကြားသည်။ 

ယခုလက်ရှိတွင် ဈေးများတွင်ရောင်းချနေသည့် ကြက်သားများတွင် ဆယ်မိုနဲလား ပိုများတွေ့ရှိကြောင်း မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၏ သုတေသနစာတမ်းတစ်ခုဖော်ပြထားသည်။

ထိုတွေ့ရှိချက်သည် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)ရှိ အစားအသောက် အဏုဇီဝဗေဒဓါတ်ခွဲဌာနစိတ်၏ ဓါတ်ခွဲစမ်းသပ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

"ဒီလိုပိုးတွေဆိုတာကတော့ အရင်ကတည်းကမကင်းဘူး ဒီပိုးကြောင့် အခုချိန်ထိ ဆေးရုံမှာလူနာတွေရှိနေပြီ၊ အရေးပေါ်ဖြစ်နေတယ် ဆိုတာမျိုးတော့ မကြားမိသေးဘူး။ကျန်းမာရေးဝန်ကြီးဌာနဘက်က ဒါကို အရေးပေါ်အခြေအနေကြေငြာတာမျိုး၊ ကန့်သတ်တာမျိုးမရှိသေးတဲ့အတွက် ဒါကိုဂရုတစိုက်ကိုင်တွယ်မယ် ချက်ပြုတ်မယ်ဆို စားလို့ရပါတယ"ဟု ဦးမောင်မောင်ကဆိုသည်။

အဆိုပါကြက်များနှင့်ပတ်သတ်၍ ဆေးသုသေသနဦးစီးဌာနမှ ကြက်သားများကို စနစ်တကျကိုင်တွယ်၍ ချက်ပြုတ်ရန်နှင့် ကျန်အသားငါး၊ ဟင်းသီးဟင်းရွက်များနှင့် အတူတကွမထားရှိရန် မှာကြားချက်များရှိပြီး ကိုယ်တွယ်သူများအနေဖြင့် သတိပြုရန်မှာကြားထားသည်။

ကြက်သားများတွင် ဆယ်မိုနဲလားပိုးများတွေ့ရှိမှုကြောင့် စားသုံးသူများမှ စိုးရိမ်မှုများလာသည့်အတွက် ကြက်သားဈေးကွက်တွင် ဈေးများကျဆင်းလျက်ရှိပြီး ယခုလ ၁၅ရက်နေ့အထိ ဒိုင်ဈေးခြံဖမ်းဈေးနှုန်း လက်ကားဈေး တစ်ပိဿာလျှင် ၃၀ဝ၀ ကျပ်အထိရှိခဲ့ရာမှ ဇန်နဝါရီ ၁၈ရက်နေ့တွင် တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ ကျပ်အထိ ဈေးကျလာကြောင်း အသားတိုးကြက်ထုတ်လုပ် မွေးမြူရောင်းချသူများ အသင်းဥက္ကဌဖြစ်သူ ဦးကျော်ဝင်းကပြောသည်။

“ဆယ်မိုနဲလားက အဓိက မသန့်ရှင်းတဲ့ရေ ၊ မသန့်ရှင်းတဲ့အရာတွေနဲ့ ထိတွေ့ပြီးတော့ ကူးစက်တာပေါ့။ ဘယ်အစားအသောက်မဆို ပါနိုင်တာဘဲ။ ကြက်သားမှမဟုတ်ပါဘူး။ အခြားအသားတွေ ၊ ဟင်းသီးဟင်းရွက်တွေမှာလဲ ပါနိုင်တာပဲ။ ညစ်ပတ်ရင်လဲ ပါနိုင်ပါတယ်။ကြက်သားဆိုပြီး ခေါင်းစဉ်တပ်တော့ အရောင်းအဝယ်ထိခိုက်ပြီး ဝယ်သူတွေက စိုးရိမ်လို့စားသုံးသူနည်းသွားတယ်။ ဒါက ကူးစက်ရောဂါပိုးမဟုတ်ပါဘူး”ဟု ၎င်းကဆိုသည်။

အသားတိုးကြက်သားဈေးနှုန်းများမှာ ဇန်နဝါရီလဆန်းပိုင်းက လက်လီဈေး အသားတစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ အထိ ဈေးနှုန်းရှိခဲ့ပြီး ယခုရက်ပိုင်းမှ စတင်ကာ ကြက်သား လက်လီဈေးတစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ အထိ ဈေးကျလာကြောင်း ယင်းဈေးကွက်ထံမှ သိရှိရသည်။ (J-10)

ပြည့်ဖြိုးမြင့်မွန်