News

POST TYPE

LATEST NEWS POST

ဒေသခံတစ်ဦး၏ ဥယျာဉ်ခြံအတွင်းသို့ လက်နက်ကြီးကျည် ထပ်ကျပြန်
18-Jan-2020
ဥယျာဉ်ခြံအတွင်း ကျသည့် လက်နက်ကြီးကျည်

ထားဝယ်၊ ဇန်နဝါရီ ၁၈

မြိတ်ခရိုင် ပုလောက်မြို့ ဝဇွမ်းအုပ်ကျေးရွာအနီးတွင်ရှိသည့် တပ်မတော်မှသင်တန်းသားများ လေ့ကျင့်ပစ်ခတ်လိုက်သည့် RPG လက်နည်ကြီးကျည်ဟု ယူဆရသည့် ကျည်တစ်ခုကို ဒေသခံတစ်ဦး စိုက်ပျိုးလုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံထဲတွင် တွေ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇန်နဝါရီလ ဒုတိယအပတ်က အမှတ်(၁၂) တပ်မတော် အတန်းမြင့်လေ့ကျင့်ရေးကျောင်းက လေ့ကျင့်ပစ်ခတ်လိုက်သည့် လက်နက်ကြီးပစ်သံများကို ကြားရပြီး ဇန်နဝါရီလ ၁၇ ရက်က ဥယျာဉ်ခြံထဲ သီဟိုဠ်စေ့သွားကောက်ရာ RPG လက်နည်ကြီးကျည်ဟု ယူဆရသည့် မပေါက်ကွဲသေးသည့် ကျည်တစ်ခုကိုတွေ့ရကြောင်း ဒေသခံစောဝေဝေက ပြောသည်။

လေ့ကျင့်ပစ်ခတ်လိုက်သည့် လက်နည်ကြီးကျည်မှာ နှစ်လုံးရှိသည်ဟု ဒေသခံအချို့ကပြောဆိုကြပြီး တစ်လုံးမှာ ပေါက်ကွဲသွားပြီး ကျန်တစ်လုံးမှာ မပေါက်ကွဲသေးဘဲ မြေထဲစိုက်ဝင်နေသည်ကို တွေ့ရသဖြင့် ဖုန်းဖြင့်ဓာတ်ပုံရိုက်ယူထားကြောင်း စောဝေဝေက ပြောသည်။

မပေါက်ကွဲသေးဘဲကျန်နေသည့် လက်နက်ကြီးကျည်ကို ဇန်နဝါရီလ ၁၇ ရက်နေ့အထိ တပ်မတော်ဘက်မှ လာရောက် မဖောက်ခွဲသေးသဖြင့် မြေထဲစိုက်ဝင်နေသည့် အနေအထားအတိုင်းပင်ရှိနေသေးကြောင်း ဒေသခံစောအားကျော်ဦးက ပြောသည်။

“အခုကျတဲ့လက်နက်ကြီးကိုကျတော့ အခုထက်ထိကို လာမဖောက်ခွဲသေးဘူး။ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီကို ကျွန်တော်တို့အကြောင်းမကြားလို့ပေါ့။နှစ်လုံးကျတာ တစ်လုံးကွဲပြီးတော့ တစ်လုံးက အခုထိရှိနေတုန်းပဲ” ဟု စောအားကျော်ဦးက ပြောသည်။

ဥယျာဉ်ခြံအတွင်း ကျသည့် လက်နက်ကြီးကျည်

တပ်မတော် အတန်းမြင့်လေ့ကျင့်ရေးကျောင်းက လေ့ကျင့်ပစ်ခတ်သော လက်နက်ခဲယမ်းများ ဝဇွမ်းအုပ် ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံထဲ မကြာခဏကျရောက်လေ့ရှိပြီး ၂၀၁၉ ခုနှစ်တွင် သုံးကြိမ်ရှိနေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းသုံးကြိမ်စလုံးတွင်တော့ မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများကို တပ်မတော်ဘက်က လာရောက်ရှာဖွေကာ ဖောက်ခွဲပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကဲ့သို့ လာရောက်ဖောက်ခွဲပေးရန် အကြိမ်ကြိမ်ပြောဆိုမှ လာရောက်ဖောက်ခွဲပေးခြင်းဖြစ်ပြီး ဒေသခံများကမူ လက်နက်ပစ်ခတ်ကာ လေ့ကျင့်ရသည့် စစ်ရေးဆိုင်ရာလေ့ကျင့်မှုများကို ဥယျာဉ်ခြံများအနီးတွင် မလုပ်ဆောင်စေလိုကြောင်း ပြောဆိုကြသည်။

တပ်မတော်ဘက်ကမှု မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ ဥယျာဉ်ခြံများအတွင်း တွေ့ရှိရပါက အကြောင်းကြားပေးရန် ဒေသခံများကို မှာကြားထားသည်။

“သွားပြီးအကြောင်းဖို့လည်းမလိုဘူး။သူတို့ပစ်တဲ့လက်နက်ကြီးပေါက်ကွဲတာ သူတို့သိတယ်၊ မပေါက်ကွဲတဲ့ ကျည်ဆံကို ပြန်ရှာပြီး ဖောက်ခွဲဖို့သူတို့မှာတာဝန်ရှိတယ်။ခုပုံစံက ပြည်သူကိုအလေးမထားတဲ့ပုံစံနဲ့ လုပ်နေတာ”ဟု စောဝေဝေက ဆိုသည်။

လက်နက်ခဲယမ်းများ မကြာခဏကျရောက်နေသည့် ဥယျာဉ်ခြံများသည် တပ်မတော်နှင့် ဒေသခံများအကြား ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နေရာဖြစ်သည်။

Dawei Watch