News

POST TYPE

LATEST NEWS POST

လူငယ်များကို အားထားကြောင်း နိုင်ငံတော်သမ္မတပြော
16-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံ၏ အနာဂတ်လူ့ဘောင်အဖွဲ့အစည်း ဖွံဖြိုးတိုးတက်ရေးအတွက် လူငယ်များသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပြီး လူငယ်များ၏ လုပ်နိုင်စွမ်းများကို အဘက်ဘက်ကမြှင့်တင်ပေးရန် အစိုးရအနေနှင့် ခံယူထားကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မကွေးတက္ကသိုလ်တွင်ပြုလုပ်သော လူငယ်ဘက်စုံဖွံဖြိုးရေးပွဲတော်၌ ပြောကြားသည်။

လူငယ်ဘက်စုံဖွံဖြိုးရေးပွဲတော်ကို လူငယ်များ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် လူမှု့ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးနိုင်ရေးနှင့် အနာဂတ်မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင် လူငယ်များ၏ အတွေးအမြင်ကောင်း၊ စိတ်ဓာတ်ကောင်းများဖြင့် အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင်လူဦးရေ ၃၃ ဒသမ ၈ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ်လူငယ်များဖြစ်၍ အနာဂတ်တွင် နိုင်ငံခေါင်းဆောင်များအဖြစ် တာဝန်ယူရမည်ဖြစ်ပြီး လေ့လာအားထုတ်မှု၊ အကြားအမြင်ဗဟုသုတကြွယ်ဝမှု၊ ထူးချွန်ထက်မြက်မှု၊ ရိုးသားပွင့်လင်းမှု၊ အများအကျိုးသယ်ပိုးလိုမှု၊ တက်ကြွလှုပ်ရှားမှုများ နိုင်ငံဖွံဖြိုးရေးတွင် မရှိမဖြစ်လိုအပ်သည်။

ထို့ပြင် လူငယ်များပညာသင်ကြားနိုင်မှု အခွင့်အလမ်းပေါ်ပေါက်ရေး၊ ကျန်းမာရေးအသိပညာ ပိုမိုရရှိရေး၊ မူးယစ်ဆေးဝါးပြဿနာ လျော့ကျရေး၊ အသိပညာဗဟုသုတ တိုးပွားရေးနှင့် တီထွင်ဖန်တီးနိုင်စွမ်းအား မြှင့်တင်ပေးရေးတို့ကို အစိုးရကဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကိုမှာကြားလိုသောအချက် ၃ ချက်ရှိပြီး မြန်မာနိုင်ငံရှိလူငယ်များသည် ၂၁ ရာစု၏ စိန်ခေါ်မှုများကြားက အခွင့်အလမ်းကို ရယူအသုံးချနိုင်ရန် အမြဲတမ်းအဆင်သင့်ဖြစ်စေရန် အားထုတ်ကြိုးပမ်းသင့်ပြီး ခေတ်မီမှုများကြားတွင် လူငယ်များ ရိုးသားမှု၊ ဖြူစင်မှု၊ အမှန်တရားကို မြတ်နိုးတတ်မှုနှင့် စာရိတ္တများကို ထိန်းသိမ်းရန်အရေးကြီးပြီး လူငယ်များရဲ့ လက်တစ်ကမ်းတွင်ရှိသော မူးယစ်ဆေးဝါးအန္တရာယ် သတိထား၍ အချင်းချင်းရိုင်းပင်ကူညီကာ စောင့်ရှောက်ပေးပြီး ရှောင်ကြဉ်နိုင်ဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီနိုင်ငံရေးစနစ်၊ ဖယ်ဒရယ်စနစ်များနဲ့ လိုက်လျောညီထွေမည့် ပြည်ထောင်စိတ်ဓာတ်များကို ငယ်စဉ်အချိန်တွင် မွေးမြူရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများအကြား မတူကွဲပြားမှုကို အသိအမှတ်ပြု၍ လူငယ်များအနေဖြင့် အပြန်အလှန်လေးစားမှု၊ ရိုင်းပင်ကူညီဖေးမမှု၊ စာနာထောက်ထားမှုများကို မြှင့်တင်ပေးရန် တိုက်တွန်းကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ကျော်ဖြိုး



  • VIA