News

POST TYPE

LATEST NEWS POST

ဘူးသီးတောင် NLD ဥက္ကဌကို ပြန်လွှတ်ပေးရန် AA အဖွဲ့ထံ NLD တောင်းဆို
16-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဌကို ပြန်လွှတ်ပေးရန် NLD ပါတီက ကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဌ ဦးရဲသိန်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ပျောက်ဆုံးသွားခဲ့ပြီး AA လက်နက်ကိုင်အဖွဲ့က ၎င်းကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ဦးရဲသိန်းအနေနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ရင်ဆိုင်မည်ကို ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်သည့်အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်းလည်း AA အဖွဲ့က ပြောကြားထားသည်။

ဦးရဲသိန်းအနေနှင့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်များအပေါ် နိုင်ငံတစ်ဝှမ်းလုံး ထောက်ခံပွဲများ ကျင်းပပြုလုပ်သည့်နည်းတူ ၎င်းအနေနှင့် လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း NLD ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူ ၎င်းအနေနှင့် NLD ပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ပါတီဥက္ကဌအနေနှင့် အဆိုပါ ထောက်ခံပွဲ ကျင်းပနိုင်ရေးအတွက် နယ်သို့ဆင်းကာ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဆက်သွယ်စည်းရုံးခြင်းကိစ္စမှာ အဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးအနေဖြင့်လည်းကောင်း မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ တစ်ဦးအနေနှင့် လည်းကောင်း ပါတီကိစ္စကို ရိုးရိုးသားသား ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ထိုထက် ဘာမှမပိုကြောင်း NLD ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့အနေနှင့် NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဝှေ့တင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။

ဦးဝှေ့တင်း ဖမ်းဆီးခံရသည့် ကာလကလည်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနှင့် ယင်းသို့ ပြန်လွှတ်ပေးရန် တောင်းဆိုသည့် ထုတ်ပြန်ချက် NLD ပါတီအပါအဝင် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ကြသော်လည်း ထူးခြားလာခဲ့ခြင်းမရှိပေ။

(J - 08)



  • VIA