News

POST TYPE

LATEST NEWS POST

ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ထောက်ခံကြောင်းလက်မှတ်များ ကောက်ခံ
16-Dec-2019


ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကမ္ဘာတစ်ဝန်းရှိကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ‘Every Child, Everywhere In School’ အမည်ဖြင့် ADRA Myanmar က ထောက်ခံလက်မှတ် ခုနစ်ထောင်ခန့်ကို မြန်မာနိုင်ငံတွင် ကောက်ခံနေကြောင်း ADRA Myanmar ထံမှ သိရသည်။

အဆိုပါလက်မှတ်ကောက်ခံခြင်းသည် ကလေးငယ်များနေရာတိုင်းတွင် ပညာသင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးလှုပ်ရှားမှုအဖြစ် ကမ္ဘာတစ်ဝန်းရှိကလေးများ ပညာသင်ကြားနိုင်ရေးကို အဓိကလုပ်ဆောင်နေခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် ADRA Myanmar နှင့် Myanmar Union Mission  တို့က ပူးပေါင်း၍ ဒီဇင်ဘာလ ၁၆ ရက်နေ့၌ နံနက် ၉ နာရီမှ ည ၉ နာရီအထိ မြန်မာပလာဇာတွင် ပြုလုပ်ခဲ့သည်။

ယင်းထောက်ခံလက်မှတ်များကို ADRA International က ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် လက်မှတ်ပေါင်းတစ်သန်း ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုတွင် ယင်းကမ်ပိန်းကိုစတင်ပြုလုပ်ခဲ့၍ ကမ္ဘာလုံးဆိုင်ရာညီလာခံတွင် တင်ပြသွားမည်ဖြစ်သည်။

အလားတူ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှစတင်လုပ်ဆောင်ခဲ့ပြီး အသက် ၁၃ နှစ်အထက်မှစ၍ မည်သူမဆို ပါဝင်လက်မှတ်ရေးထိုးနိုင်ကြောင်း ADRA Myanmar ထံမှ သိရသည်။

“အဓိကတော့ ဒါပထမခြေလှမ်းပေါ့။ ကျောင်းမနေနိုင်တဲ့ကလေးတွေ ဘယ်လောက်များလဲဆိုတာ သိစေချင်တယ်။ အဲဒီအပေါ်မှာ ပြည်သူတွေဘယ်လောက်စိတ်ဝင်စားလဲ ဆိုတာလည်းသိချင်တယ်။ လက်ရှိမြန်မာပြည်မှာဆိုရင် လားရှိုး၊ မြစ်ကြီးနား၊ ပခုက္ကူတို့ဘက်တွေမှာ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးတယ်။ အစိုးရနဲ့ပူးပေါင်းပြီး စာသင်ကျောင်းတွေ၊ အိမ်သာတွေ ဆောက်ပေးဖြစ်ခဲ့ပါတယ်” ဟု ADRA Myanmar  မှ Advocacy Officer ဉီးဖရန့်စစ်က ပြောကြားသည်။

လက်ရှိကမ္ဘာတစ်ဝန်းတွင် ကလေး ၂၆၂ သန်းတို့သည် ပညာသင်ယူခွင့်ဆုံးရှုံးနေရပြီး ကျောင်းပြင်ပရောက် ကလေးတစ်ယောက်အနေဖြင့် လူကုန်ကူးခံရခြင်း၊ စစ်သားအဖြစ်စုဆောင်းခံရခြင်း၊ အရွယ်မရောက်မီ လက်ထပ်ခြင်း၊ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးအလုပ်သမားများအဖြစ် အသုံးချခံခြင်းများရှိနေသည်။ 

ထို့ကြောင့် ကလေးငယ်များအတွက် ဆင်းရဲနွမ်းပါးခြင်းနှင့် ခေါင်းပုံဖြတ်အသုံးချခံနေရခြင်းတို့ မရှိစေရန် ယခုကမ်ပိန်းကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ADRA Myanmar ထံမှ သိရသည်။
ADRA Myanmar ကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မှတ်ပုံတင်ထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်၍ မြန်မာနိုင်ငံတွင် ဖွံဖြိုးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကထား၍ ကူညီဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

■ကျော်ဖြိုး
ဓာတ်ပုံ-ကျော်ဖြိုး



  • VIA