News

POST TYPE

LATEST NEWS POST

တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် ၁၀ စီး တပ်တော်ဝင်
16-Dec-2019

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

တပ်မတော် (လေ) ၏ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်း ပြုလုပ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တပ်မတော်(လေ) ၏ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့က မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြောင်း သိရသည်။

တပ်မတော်(လေ) အနေနှင့် JF-17 B အမျိုးအစား ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ Yak -130 အမျိုးစား အပေါ့စားတိုက်လေယာဉ် ၆ စင်းနှင့် MI-35 P အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး၊ စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လေယာဉ်၊ ရဟတ်ယာဉ်များ တပ်မတော်ဝင်ခြင်း ပြုလုပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် တပ်မတော်အတွက် တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာ့ တပ်မတော်ကို ကမ္ဘာ့နိုင်ငံများနည်းတူ နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ် တပ်မတော်အဖြစ် တည်ဆောက်လျက်ရှိပြီး တပ်မတော်(လေ)ကိုလည်း အင်အားတောင့်တင်းပြီး နည်းပညာအဆင့်အတန်းမြင့်မားသည့် လေကြောင်းစွမ်းအားပိုင်ဆိုင်သော တပ်မတော်(လေ) အဖြစ် ရောက်ရှိရန် တည်ဆောက်လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိကာလတွင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရား၊ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်စိမ်နှင့် အကျိုးစီးပွားများကို အကြမ်းဖက် တိုက်ခိုက်မှုများ၊ တရားမဝင် လက်နက်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ သစ်ခိုးထုတ်မှုများ စသည့်သမားရိုးကျ မဟုတ်သည့် စိန်ခေါ်မှုများသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်လျက် ရှိကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသွားခဲ့သည်။

ယင်းနောက်တွင် အဆိုပါ အခမ်းအနားတွင် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းများ၊ အလှပြပျံသန်းခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

(J - 08)



  • VIA