News

POST TYPE

LATEST NEWS POST

လူထုတွေ့ဆုံပွဲသွားရောက်သည့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ယာဉ်တန်း ယာဉ်မတော်တဆမှုဖြစ်
15-Dec-2019
ကလေး၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းရှိ ပြည်သူများနှင့် အစိုးရအဖွဲ့တွေ့ဆုံပွဲသွားရောက်သည့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ယာဉ်တန်းယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် တိုင်းအစိုးရအဖွဲ့ရုံးစိုက်ရာ မုံရွာမြို့မှ လူထုတွေ့ဆုံပွဲရှိသည့် ကောလင်းမြို့သို့အသွား ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက မုံရွာ-ရွှေဘို ကားလမ်းမကြီးပေါ် ရွှေဘိုမြို့အဝင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူများထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း မတော်တဆဖြစ်ပွားခဲ့သည့် ယာဉ်နှစ်စီးမှာ ပြုပြင်ရန်လိုအပ်မှုများရှိသည့်အတွက် ရွှေဘိုမြို့တွင်ထားရှိခဲ့ပြီး လူထုတွေ့ဆုံပွဲရှိရာ ကောလင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောကြားသည်။

ဝန်ကြီး ဦးလာလ်ထောင်ထန်းက "ရှေ့ကကားက ဘရိတ်အုပ်လိုက်တော့ နောက်က ကားက ဝင်ဆောင့်တယ်။ ကားနှစ်စီးက ရေတိုင်ကီတို့ ဘာတို့ နည်းနည်းထိသွားတယ်လို့တော့ ပြောလို့သိရတယ်။ ကျွန်တော် နောက် လေး၊ ငါးစီးလောက်ကွာတယ်။ ဘာမှမဖြစ်ကြဘူး။ ကားနှစ်စီးကိုတော့ ရွှေဘိုမှာထားခဲ့တယ်" ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သည် လူထုတွေ့ဆုံပွဲအဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီတွင် ကောလင်းမြို့တွင်ပြုလုပ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီတွင် ဝန်းသိုမြို့၊ ညနေပိုင်းတွင် ပင်လည်ဘူးမြို့၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဗန်မောက်မြို့၊ နေ့လယ် ၂ နာရီတွင် အင်းတော်မြို့နှင့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကသာမြို့ရှိ ပြည်သူများနှင့် လူထုတွေ့ဆုံပွဲများကျင်းပရန် ယာဉ်တန်းဖြင့် သွားရောက်ကြခြင်းဖြစ်သည်။

R-20