News

POST TYPE

LATEST NEWS POST

ဆလုံတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒ ချမှတ်ပေးရန်တောင်းဆို
15-Dec-2019


မြိတ်၊ ဒီဇင်ဘာ ၁၄

လူဦးရေအပေါ်အခြေခံပြီး ချထားပေးသည့် ကျန်းမာရေး စောင့်ရှောက်မှု ဆလုံလူမျိုးများအတွက် ပယ်ဖျက်ပြီး ြွခင်းချက်ဖြင့် မူဝါဒဖော်ဆောင်ပေးစေလိုကြောင်း ဆလုံအရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ဆလုံလူမျိုးများ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဝန်ထမ်းချပေးရန် အစိုးရထံတင်ပြသည့် အချိန်တိုင်းတွင် လူဦးရေ အကန့်အသတ်အရ တာဝန်ချထားပေးရန် အခက်အခဲရှိကြောင်း မကြာခဏ ပြန်လည်တုံ့ပြန်လေ့ရှိသဖြင့် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ 

မြိတ်ကျွန်းစုအတွင်း ဆလုံလူမျိုးများ နေထိုင်သည့် ကျွန်း ၁၀ ကျွန်းရှိသည့် အနက် တပ်မတော်အခိုင်အမာရှိသည့် ဇာဒက်ကြီးကျွန်းမှလွဲ၍ ကျန်ကျွန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလျက်ရှိသည်။

ထို့ကြောင့် အရေးပေါ်အခြေအနေတွင် ဆလုံလူမျိုးများ အခက်အခဲကြုံကာ မသေဆုံးသင့်ဘဲ သေနေရကြောင်း ဆလုံအရေး တက်ကြွလှုပ်ရှားသူ ဦးခင်မောင်ထွေးက ပြောသည်။

“ဒီအစဉ်အလာ (မူဝါဒ) ကို သွေဖည်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွေကို ဖြည့်ဆည်းပေးစေချင်တယ်” ဟု ဦးခင်မောင်ထွေးက ပြောသည်။

ဆလုံလူမျိုးများ နေထိုင်သည့် ကျွန်းများသည် မြို့ပြနှင့် အလှမ်းဝေးပြီး ပင်လယ်ရေလမ်းခရီး ဖြစ်သည်။

ထို့ကြောင့် အရေးပေါ်အခြေအနေတွင် သွားလာရ အချိန်ကြာမြင့်သည့်အတွက် မဆိုစလောက်ရောဂါဖြင့်ပင် သေဆုံးရသည်များရှိကြောင်း ဘုတ်ပြင်းမြို့နယ်၊ လငန်းကျေးရွာတာဝန်ခံ ဦးသိန်းဇံက ဆိုသည်။ 

“ဒီလိုမျိုး စာအုပ်ကြီးအတိုင်းပဲ သွားနေမယ်ဆိုလို့ရှိရင်လည်း ကြာရင် ဆလုံတွေ မျိုးတုံးသွားဖို့ပဲ ရှိတယ်” ဟု ၎င်းက ပြောသည်။

လငန်းကျေးရွာမှ ကျွန်းစုမြို့နယ်သို့ စက်လှေဖြင့်သွားလျှင် ၅ နာရီခန့် ကြာမြင့်ပြီး မြိတ်မြို့သို့ ၁၃ နာရီခန့် ခုတ်မောင်းရသည်ဟု ဦးသိန်းဇံက ဆိုသည်။

၁၉၇၆ ခုနှစ် သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဆလုံလူမျိုးဦးရေ ၆၀၀၀ ကျော်ရှိကြောင်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာရီရီခင်၏ တနင်္သာရီ တိုင်းအတွင်းရှိ ဆလုံလူမျိုးတို့၏ လူနေမှု ဘဝ စာအုပ်တွင် ရေးသားထားသည်။

ယခုအချိန်တွင် ဆလုံလူဦးရေ ၁၇၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ကျန်းမာရေး ဝန်ထမ်းချထားပေးမှုသည် ကျေးရွာကိုအခြေခံ၍ ချပေးခြင်း မဟုတ်ဘဲ အနည်းဆုံး လူဦးရေ သုံးထောင်ကို အခြေခံကာ ချထားပေးကြောင်း မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဌာနတာဝန် ရှိသူက ပြောသည်။

“သူတို့ရဲ့ ဖွားသေနှုန်းမြင့်မားလာရတဲ့ အဓိကအကြောင်းကလည်း အဲဒီကျန်းမာရေး စောင့်ရှောက်မှု အားနည်းလို့ပဲ” ဟု ဦးခင်မောင်ထွေးက မှတ်ချက်ပေးသည်။

သို့သော် ဆလုံလူမျိုးတို့၏ လက်ရှိ ဖွားသေနှုန်း မည်မျှရှိသည်ကို တိတိကျကျ သိရှိရခြင်း မရှိဘဲ ဦးခင်မောင်ထွေးက ၎င်းလှည့်လည်သွားလာနေသည့် မြေပြင်အခြေအနေအပေါ် မူတည်ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပျမ်းမျှဖွားသေနှုန်းမှာ ၂၀၁၈ ခုနှစ် စာရင်းအရ ၁၀၀၀ လျှင် ၄၆.၂ ဦး ဖြစ်သည်။ 

Dawei Watch