News

POST TYPE

LATEST NEWS POST

YBS များတွင် YPS ကတ်စနစ် တပ်ဆင်ပြီးပါက မှတ်တိုင်များတွင် ဆိုင်ခန်းဖွင့်၍ ငွေပေးချေ ကတ်ရောင်းမည်
14-Dec-2019

ရန်ကုန်၊ ဒီဇင်ဘာ ၁၄
 
YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခပေးချေရမည့် YPS ကတ်စနစ် တပ်ဆင်ပြီးပါက ဘတ်စ်ကားမှတ်တိုင်များတွင် ငွေပေးချေရမည့် ကတ်များရောင်းချမည့် ငါးပေပတ်လည်ဆိုင်ခန်းများကို တည်ဆောက်ထားရှိပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
 
အဆိုပါ YBS ဘတ်စ်ကားစီးနင်းရာတွင် ငွေပေးချေကတ်များရောင်းချမည့် ဆိုင်ခန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်နမိတ်အတွင်း မြို့နယ်များရှိ ဘတ်စ်ကားမှတ်တိုင်တိုင်းတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
 
“အခုကတ်စနစ်နဲ့ စတင်ပြေးဆွဲတော့မယ်ဆိုတာနဲ့ ခရီးသွားပြည်သူတွေအဆင်ပြေဖို့ ငွေပေးချေရမယ့် ကတ်တွေရောင်းချမယ့် ဆိုင်ခန်းတွေ စတင်ဆောင်ရွက်ပေးမှာပါ။ ဥပမာ ခရီးသွားက ဘယ်ဆိုင်မှာ ဝယ်ရမှန်းမသိဖြစ်ဘဲ ပြည်သူရင်ပြင်လို နေရာမျိုးမှာ သွားဝယ်ရမယ်ဆိုရင် အဆင်မပြေပါဘူး။ဘတ်စ်ကား မှတ်တိုင်တိုင်းမှာ ဆိုင်ခန်းတွေဆောက်ပြီး ရောင်းချပေးသွားမှာပါ” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
 
ယခုလက်ရှိ ဘတ်စ်ကားမှတ်တိုင်တွင် ထားရှိမည့်ငါးပေပတ်လည် ဆိုင်ခန်း ၁၅ခန်းကို တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ထံမှ သိရသည်။
 
ငါးပေပတ်လည်ဆိုင်များကို ဘတ်စ်ကားမှတ်တိုင်ဘေး စည်ပင်သာယာလူသွားလမ်းပေါ်တွင် ထားရှိမည်ဖြစ်ပြီး ဆိုင်အကျယ် အဝန်းငါးပေပတ်လည်ထား၍ရသည့် လူအတက်အဆင်းများသည့် နေရာမျိုးတွင် ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
 
ဘတ်စ်ကားမှတ်တိုင်အနီးတွင် ဈေးဆိုင်ခန်းဖွင့်လှစ်ရန် မြေငှားရမ်းခနှင့်ပတ်သက်ပြီး တိတိကျကျ မသတ်မှတ်ရသေးကြောင်းနှင့် ယခုလက်ရှိရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်ပေါင်း ၁၈၀၀ ကျော် ရှိကြောင်းလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

(J- 10)



  • VIA