News

POST TYPE

LATEST NEWS POST

မိတ္ထီလာတွင် ကားငယ်များတီထွင်ထုတ်လုပ်ခဲ့သူက သုံးဘီးဆိုင်ကယ်ပုံစံသစ်တီထွင်
14-Dec-2019


မိတ္ထီလာ၊ ဒီဇင်ဘာ ၁၄

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင် ဆိုင်ကယ်အင်ဂျင်များဖြင့် ကားငယ်များကိုတီထွင်ထုတ်လုပ်ခဲ့သော ကိုဇော်မျိုးဦးက သုံးဘီးဆိုင်ကယ်(အကြီး) ပုံစံသစ်ကို တီထွင်ထုတ်လုပ်ပြီးစီးပြီဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“ပြီးတာနှစ်ရက်လောက်ပဲ ရှိသေးတယ်။ ဒီဇိုင်းက ကိုယ်ပိုင်ဒီဇိုင်းပါ။ မှာထားတဲ့သူအတွက် လုပ်ပေးတာပါ။ ကမ္ဘာကျော် Harley Davidson ကထုတ်တဲ့ သုံးဘီးဆိုင်ကယ်မျိုးပါ။ အဲဒါက သိန်းသုံးရာလောက် ရှိပါတယ်။ အဲဒီပုံစံမျိုးကို ၁၅ သိန်းလောက်နဲ့ရအောင် ထုတ်ထားတာဖြစ်ပါတယ်။ မြန်မာပြည်က ဆိုင်ကယ်ဘီးကြီး ဝါသနာရှင်တွေအတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ခရီးဝေးထွက်လို့ကောင်းပါတယ်” ဟု ကိုဇော်မျိုးဦးက ပြောပြသည်။

အလျား ရှစ်ပေ၊ အနံ လေးပေရှိသော အဆိုပါသုံးဘီးဆိုင်ကယ်ကို တစ်လခွဲခန့်အချိန်ယူကာ တည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှထုတ်လုပ်သော 150-CC Karmax အင်ဂျင်ကို အသုံးပြုထားကြောင်း၊ ကိုယ်ထည်ကာဘာမှာ ဖိုက်ဘာဖြစ်ကာ ရှေ့ဂီယာငါးချက်နှင့် နောက်ဂီယာပါရှိပြီး နောက်တန်းကရောင်းစနစ်ဖြစ်ကြောင်း၊ အမြန်နှုန်းမှာ တစ်နာရီလျှင် ၉၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး ဆီစားနှုန်းမှာ ဓာတ်ဆီတစ်ဂါလန်လျှင် ၁၀၀ ကီလိုမီတာဝန်းကျင်အထိ မောင်းနှင်နိုင်ကာ ဆိုင်ကယ်နောက်ပိုင်းတွင် ပစ္စည်းထည့်ရန် Tool Box အကြီးပါရှိကြောင်း ၎င်းကရှင်းပြသည်။

တွင်ခုံလုပ်ငန်းရှင်တစ်ဦးဖြစ်သော ကိုဇော်မျိုးဦးသည် ၂၀၁၃ ခုနှစ်မှစတင်၍ ဆိုင်ကယ်အင်ဂျင်ဖြင့် ကားငယ်များကို တီထွင်ခဲ့ရာတွင် ယခုအချိန်အထိ 125 CC ၊ 150 CC ၊ 250CC အင်ဂျင်များဖြင့် ကားငယ်သုံးစီးကို ထုတ်လုပ်ခဲ့သည်။

မသန်စွမ်းသူများအတွက်လည်း 50 CC အင်ဂျင်ကိုအသုံးပြုကာ ဘက်ဂီယာပါရှိသော သုံးဘီးဆိုက်ကယ် ၁၁ စီးကို တီထွင်ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။

ကျော်စိုးမိုး

Photo- Zaw Myo Oo



  • VIA