News

POST TYPE

LATEST NEWS POST

လက်နက်ကြီးထိမှန်ပြီးနောက် ပိတ်ထားခဲ့ရသည့်စာသင်ကျောင်း ပြန်ဖွင့်
12-Dec-2019


ကလေး၊ ဒီဇင်ဘာ ၁၂

ပလက်ဝမြို့နယ်၊ ရိက္ခာတိုးချဲ့ရပ် အမှတ် (၂၈၉) တပ်ရင်းနယ်နိမိတ်အတွင်းရှိ အထက်တန်းကျောင်း (ခွဲ) ၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ယာယီပိတ်ထားခဲ့ရာမှ ဒီဇင်ဘာ ၁၂ ရက်တွင် ပြန်ဖွင့်နေပြီဖြစ်ကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ 

ဒီဇင်ဘာ ၈ ရက် နံနက် ၄ နာရီခန့်က အဆိုပါကျောင်းခြံစည်းရိုးအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကျောင်းတံခါး မှန်ချပ်များကွဲခြင်း၊ နံရံများပွန်းပဲ့ ပေါက်ပြဲခြင်းများဖြစ်၍ ကျောင်းသား၊ ဆရာများ လုံခြုံရေးအရ အရေးပေါ်ယာယီပိတ်ထားရခြင်းဖြစ်သည်။ 

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ အပြင်းအထန်တိုက်ပွဲများဖြစ်ပွားပြီး နောက်ဆက်တွဲအနေနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ယင်းဒေသဘက်သို့ စစ်နယ်မြေ ပိုကျယ်ပြန့်လာပြီး တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ 

ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက “မိဘတွေက သားသမီးတွေ ကိုမလွှတ်ရဲဘူး။ ဆရာ၊ ဆရာမတွေကလည်း ကြောက်တော့ ပိတ်ထားလိုက်တယ်။ ဒီနေ့က စဖွင့်ခါစဆိုတော့ ကျောင်းသားအားလုံးတော့ မတက်ကြဘူး။ နည်းနည်းတော့ လျော့တာပေါ့”ဟု ပြောကြားသည်။

အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၇၀ ကျော် တက်ရောက်ပညာသင်ယူနေပြီး ပလက်ဝမြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း ၃၈၄ ကျောင်း၊ ပညာရေးဝန်ထမ်းအင်အား ၁၈၀၀ ကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ 

ပလက်ဝမြို့နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အချိန်အကြာကြီး ပိတ်ထားရသည့် စာသင်ကျောင်းမရှိသော်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိပါက ယင်းအနီးအနား တစ်ဝိုက်ရှိ စာသင်ကျောင်းမှာ တစ်ရက် သို့မဟုတ် နှစ်ရက်အဖြစ် ပိတ်ထားရမှုများရှိသည်။

ယင်းအပြင် ပလက်ဝမြို့နယ်အတွင်း လုံခြုံရေးအခြေအနေအရ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ လုံခြုံရေးတာဝန်ရှိသူများ၊ တာဝန်ရှိသူများ၏ ခွင့်ပြုမိန့်ရသူများမှလွဲ၍ ညမထွက်ရအမိန့်ထုတ်ထားခြင်းကြောင့် ညဘက်စာသင်ဝိုင်းများ ပြုလုပ်နိုင်ခြင်းမရှိကြောင်း ဆရာ၊ ဆရာမအသိုင်းအဝိုင်းမှ သိရသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တောင်ပိုင်း အစွန်ဆုံးတွင်တည်ရှိသည့် မြို့ဖြစ်ပြီး တောတောင်နှင့် မြစ်ချောင်းများပေါသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသတစ်ခုဖြစ်ကာ ချင်းပြည်နယ်တစ်ခုလုံးတွင် ပလက်ဝမြို့နယ်သည် တက္ကသိုလ်ဝင်တန်းအောင်ချက် နှစ်စဉ်ရာခိုင်နှုန်းအနိမ့်ဆုံးဖြစ်သည့် မြို့လည်းဖြစ်သည်။

R-20