News

POST TYPE

LATEST NEWS POST

မြန်မာနိုင်ငံရှိ ပြဿနာများကို ပိုမိုဆိုးရွားသွားစေမည့် အမိန့်မျိုး ICJ မချမှတ်ရန် ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
11-Dec-2019


သဟိဂ်၊ ဒီဇင်ဘာ ၁၁

နယ်သာလန်နိုင်ငံ သဟိဂ်မြို့ နိုင်ငံတကာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားချက်အား ပြန်လည် ချေပလျှောက်လဲစဉ် မြန်မာနိုင်ငံရှိ ပြဿနာများကို ပိုမိုဆိုးရွားသွားစေမည့် အမိန့်မျိုး ICJ မချမှတ်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က လျှောက်လဲ ပြောကြားခဲ့သည်။

ရိုဟင်ဂျာများ (မူရင်း အသုံး ) အပေါ် လူမျိုးဖြုတ်ရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်ဟု ဂမ်ဘီယာ၏ စွပ်စွဲချက်ကို ဒုတိယနေ့အဖြစ် ပြန်လည်ချေပစဉ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ARSA ရှင်းလင်းရေး စစ်ဆင်ရေးပြုလုပ်စဉ် မီးရှို့မှုများ၊ လုယက်မှုများ ရှိနိုင်ကြောင်း၊ သို့သော် အဆိုပါဖြစ်ရပ်သည် စစ်ရာဇဝတ်မှုသာ ဖြစ်ပြီး တပ်မတော်က စစ်ခုံရုံးဖြင့် စစ်ဆေး အရေးယူနေကြောင်း၊ မြန်မာပြည်က လူမျိုးတုံးမျိုးဖြုတ်စစ်ဆင်ရေး လုပ်ခဲ့ခြင်းမျိုး မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လျှောက်လဲချက် ပထမဆုံးပေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဂမ်ဘီယာအဖွဲ့ဘက်မှ စွပ်စွဲချက်များတွင် စစ်ဆင်ရေးကာလအတွင်း တပ်မတော်၏ ရက်စက်စွာ ကိုင်တွယ်ခြင်း၊ စနစ်တကျမျိုးဖြုတ်ရန် ဆောင်ရွက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ရှိခြင်း၊ စော်ကားနှိမ့်ချခြင်း၊ နိုင်ငံတော် အစိုးရမူဝါဒများတွင် ရိုဟင်ဂျာများကို ခွဲခြားဆက်ဆံခြင်း၊ လူမျိုးရေးခွဲခြားမှုများကို အစိုးရက နှိမ်နင်းရန် ပျက်ကွက်ခြင်း၊ လူမျိုးဖြုတ်ရှင်းလင်းနေခြင်းကို အစိုးရက အရေးမယူခြင်း စသည်တို့ပါဝင်သည်။

မြန်မာဘက်က ရှေ့နေနှင့် အကြံပေး အဖွဲ့တွင် အင်္ဂလန်နှင့်ဝေလနယ် ရှေ့နေအသင်းမှ မစ္စတာ ခရစ္စတိုဖာစတာကာ၊ နိုင်ငံတကာရာဇဝတ်မှုခင်းနှင့် လူ့အခွင့်အရေးဆိုင်ရာပညာရှင် မစ္စတာဝီလီယမ်ရှာဘက်စ် တို့ ပါဝင်သည်။

လျှောက်လဲမှုအဖွင့် အဖြစ် ဒေါ်အောင်ဆန်းစုကြည်က စတင်ပြောကြားခဲ့ပြီး မြန်မာကို စွဲဆိုထားမှုများသည် မပြည့်စုံကာ မှန်ကန်မှုမရှိကြောင်း ပြောကြားခဲ့သည်။
ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို မြန်မာဘက်က ဆောင်ရွက်နေကာ ၊ တရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် ပဋိပက္ခများ ပိုမိုကြီးထွားလာမည်ကို ရှောင်ရှားရမည်ဖြစ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

နိုင်ငံတကာ တရားရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက လာရောက်ဝိုင်းဝန်းခဲ့ပြီး We Stand With Daw Aung San Su Kyi ဟု ဟစ်ကြွေးခဲ့ကြသည်။

(F-02)

Photo - VOA Burmese 


  • VIA