News

POST TYPE

LATEST NEWS POST

မြိတ်ခရိုင်ရှိ တရားရုံးနှစ်ခုတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် စတင်မည်
11-Dec-2019

မြိတ်၊ ဒီဇင်ဘာ ၁၁

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ တရားရုံးနှစ်ခုတွင် မူခင်းစီမံခန့်ခွဲရေးအစီအစဉ် လာမည့်နှစ်အတွင်း စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက်တွင် မြိတ်ခရိုင်တရားရုံး၌ စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ဇူလိုင်လ ၁ ရက်တွင် မြိတ်မြို့နယ်တရားရုံး၌ စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် အမှုဖြစ်သည့် နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမည့်ရက်အား ကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်းဖြစ်ပြီး အမှုများကို အချိန်ကြန့်ကြာခြင်းမရှိဘဲ ဆုံးဖြတ်ချက်အမိန့်ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရာလွှတ်တော်ရုံးထံမှ သိရသည်။

မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ်တရားရုံးတို့တွင် ၂၀၁၈ ခုနှစ် ဩဂုတ်လက စတင်ကျင့်သုံးခဲ့ပြီးနောက် လာမည့်နှစ်တွင် မြိတ်ခရိုင်နှင့် မြိတ်မြို့နယ်တရားရုံးတို့တွင် တိုးချဲ့အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်သည်။

မှုခင်းစီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ပါက အမှုအမျိုးအစားအပေါ်မူတည်ကာ ကြိုတင်ပြင်ဆင်ရန် အမှုသည်။ရှေ့နေများ က အချိန်အလုံအလောက်ရခြင်း၊ ရုံးချိန်းကို ရွေ့ဆိုင်းရခြင်းမရှိဘဲ စစ်ဆေးနိုင်ခြင်း အစရှိသည့် အကျိူးကျေးဇူးများ ရနိုင်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

“အမှုသည်တွေက အမှုပြီးပြတ်မယ့်ရက်ကို ကြိုတင်သိရှိနိုင်မယ်”ဟု တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

အဆိုပါ အစီအစဉ် အကောင်အထည်ဖော်ပါက အလျင်အမြန်ဆောင်ရွက်ရမည့် ရာဇဝတ်အမှုများကို ရက်ပေါင်း ၉၀ နှင့် တရားမမှုများကို ၂၇၀ ရက်အတွင်း ပြီးပြတ်ရမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။

သာမန်ရိုးရှင်းသည့် ရာဇဝတ်အမှုများကို ရက်ပေါင်း ၁၈၀ နှင့် တရားမမှုကို ၃၆၅ ရက်အတွင်း အမှုပြီးပြတ်ရမည် ဖြစ်သည်။

ရှုပ်ထွေးသည့် ရာဇဝတ်အမှုဆိုပါက ရက်ပေါင်း ၂၇၀ နှင့် တရားမမှုကို ၅၄၀ ရက် အတွင်း ပြီးပြတ်ရမည်ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

မှုခင်းစီမံခန့်ခွဲစနစ် စတင်အကောင်အထည်ဖော်မည့် မြိတ်ခရိုင်တရားရုံးတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ စစ်ဆေးဆဲ ရာဇဝတ်ကြီးအမှု ၁၀၇ မှုနှင့် တရားမကြီးအမှု ၅၁ မှုရှိကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။

မြိတ်မြို့နယ် တရားရုံးတွင် အထက်ပါကာလအထိ စစ်ဆေးဆဲ ရာဇဝတ်ကြီးအမှု ၁၉၂ မှုနှင့် တရားမကြီးအမှု ၃၁ မှုရှိကြောင်း အထက်ပါရုံးထံမှ သိရသည်

Dawei Watch



  • VIA