News

POST TYPE

LATEST NEWS POST

ဒု-သမ္မတများ ကျည်ကာကားမစီးသင့်သေးကြောင်း သမ္မတရုံးဝန်ကြီးဟောင်း အကြံပြု
11-Dec-2019


နေပြည်တော် ၊ဒီဇင်ဘာ ၁၁

နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များစီးမည့် ကျည်ကာကား၀ယ်ယူရာတွင် နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် နှစ်စီးသာ ဝယ်ယူသင့်ပြီး ဒု-သမ္မတ နှစ်ဦးအတွက် ကျည်ကာကား မစီးသင့်သေးကြောင်း သမ္မတရုံးဝန်ကြီးဟောင်း လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်းက လွှတ်တော်သို့တင်ပြပြောဆိုလိုက်သည်။

"နိုင်ငံတော်အတိုင်ပင်ခံရယ်၊ သမ္မတကြီးရယ်အတွက် နှစ်စီးဆိုရင်ရမယ်လို့ ကျနော်ကတော့ယူဆပါတယ်။ ကျနော့အမြင်တင်ပြခြင်းဖြစ်ပါတယ်။ ဒု-သမ္မတတွေ မစီးပါနဲ့ဦး၊ ဒုတိယသမ္မတတွေ ခဏနေပါဦးလို့ကျနော်က ပြောချင်တယ်။ ကျနော်တို့နိုင်ငံက မချမ်းသာသေးဘူး" ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့် ဧည့်သည်များလာရောက်မည့် ခရီးစဉ်များတွင် အသုံးပြုရန် Toyota Landcruiser (Bullet Proof) ကျည်ကာကား ခြောက်စီး ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာ လေးသိန်းကျော် (၄ ဒသမ ၂၃၁၅ သိန်း) ကို အခွန်ကင်းလွတ်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရက ဒိဇင်လာ ၅ ရက်က လွှတ်တော်သို့တင်ပြထားခြင်းဖြစ်ပြီး ယနေ့(ဒီဇင်ဘာ ၁၁ ) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီးည ၎င်းက အထက်ပါအတိုင်း အကြံပြုတင်ပြခဲ့ခြင်းဖြစ်သည်။

"ဒါဆိုရင်လေးစီးစာ အမေရိကန်ဒေါ်လာ ၅ သိန်းလောက် သက်သာသွားနိုင်ပါတယ်။ အခွန်လျော့ပေးရတာလည်း သက်သာသွားမယ်လို့ ကျနော့်ရဲ့အမြင်ကို တင်ပြခြင်းဖြစ်ပါတယ်"ဟု ၎င်းက ထပ်လောင်းပြောသည်။

အဆိုပါမော်တော်ယာဉ် ခြောက်စီးကို ဝယ်ယူရန် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း အသုံးစရိတ် တွင် ကျပ် ၁၂၄၉ ဒသမ ၉၉၈ သန်း ခွင့်ပြုချက်ရရှိထားပြီး Toyota Landcruiser (Bullet Proof) ၂၀၁၉ -၂၀၂၀ အမျိုးအစားဖြစ်သည့် ကားခြောက်စီးကို ဂျပန်နိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်သည့်နေရာမှ ရန်ကုန် ဆိပ်ကမ်းအရောက် တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅၉၂ သိန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြထားသည်ကိုတွေ့ရသည်။

ယင်းယာဉ်ခြောက်စီးအတွက် အထူးကုန်စည်ခွန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၉၆ သိန်းနှင့် ကုန်သွယ် လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ ၅၅၁၉ သိန်း တို့ကို ကင်းလွတ်ခွင့်ရရန် အတွက် လွှတ်တော်၏ ခွင့်ပြုချက်တောင်းခံထာခြင်းလည်းဖြစ်သည်။

ဂျပန်နိုင်ငံထုတ် Toyota Landcruiser (Bullet Proof) ထက် ဂျာမနီနိုင်ငံထုတ် မာစီဒီး (Bullet Proof) သည် ဝယ်ယူရန်ပိုမိုသင့်တော်မည်ဖြစ်ပြီး Toyota Landcruiser (Bullet Proof) သည် နာမည်ကျော်ကြားမှု သိပ် မရှိကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။

နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များစီးရန် အစိုးရအဖွဲ့တွင် မာစီဒီး (Bullet Proof) နှစ်စီးရှိနေကြောင်း ဦးစိုးသိန်းက ထည့်သွင်းပြောကြားခဲ့သည်။

ယင်းကား ၆ စီးဝယ်ယူရန် ကိစ္စကို ဆွေးနွေးသည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ပြောကြားချက်များကို အစိုးရအဖွဲ့က ပြန်လည်ရှင်းလင်းရန်နှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ၁၇ ရက်နေ့တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။