News

POST TYPE

LATEST NEWS POST

စစ်ကိုင်းတိုင်းအတွင်း မြစ်ချောင်းများ ကမ်းပြိုကာကွယ်ရေး ကျပ်သန်း ၈၈၀၀ ကျော်သုံးမည်
11-Dec-2019


ကလေး၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းအတွင်းရှိ မြစ်ချောင်းများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် ကျပ်သန်း ၈၈၀၀ ကျော် သုံးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

ယင်းတိုင်းအတွင်းရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ မူးမြစ်၊ ဒေါင်းမြူးချောင်းအပါအဝင် မြစ်ချောင်းများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို လာမည့်နှစ်ဆန်းမှ မိုးမကျမီကာလအတွင်း အပြီးလုပ်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ 

ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁၀ ခုအတွက် ကျပ်သန်း ၁၄၁၀ သန်း၊ ချင်းတွင်းမြစ်အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၆ ခုအတွက် ငွေကျပ် ၂၄၁၀ သန်း၊ မြစ်သာမြစ်ကမ်းပြိုကာကွယ် ရေးလုပ်ငန်းတစ်ခုအတွက် ငွေကျပ် သန်း ၅၀၀ သုံးမည်ဖြစ်သည်။ 

မူးမြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ၅ ခုအတွက် ကျပ်သန်း ၁၃၅၀၊ ရွှေလီမြစ် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းတစ်ခု အတွက် ကျပ်သန်း ၂၀၀၊ ဒေါင်းမြူးချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၅ ခုအတွက် ကျပ်သန်း ၂၈၈ သန်း အသုံးပြုလုပ်ဆောင်မည်ဖြစ်သည်။ 

ထို့ပြင် ပုထိုးလုံးချောင်း ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ၃ ခုအတွက် ကျပ် သန်း ၅၀၀ နှင့် အခြားချောင်းများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၅ ခုအတွက် ကျပ် ၂၁၅၉ ဒသမ ၅ သန်း အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဌာနစာရင်းများအရ သိရသည်။

ကမ်းပြိုမှုကြောင့် နေအိမ်အဆောက်အအုံများ ပျက်စီး၊ ပြောင်းရွှေ့ရပြီး ယင်းကို ကာကွယ်ရန် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ကွင်းဆင်းစစ်ဆေးကာ ဘတ်ဂျက်တင်ပြတောင်းရခြင်းဖြစ်ကြောင်း ယင်းဌာန တိုင်းညွှန်ကြားရေးမှူး ဦးဘုန်းကျော်စိန်က ရှင်းပြသည်။ 

“စစ်ကိုင်းတိုင်းက မြစ်တွေ၊ ချောင်းတွေပေါတော့ လုပ်ငန်းတွေ များတယ်။ အဲဒီတော့ ရတဲ့ဘတ်ဂျက်နဲ့ ဦးစားပေးရွေးချယ်ပြီး အတတ်နိုင်ဆုံးဆောင်ရွက် ပေးတာပေါ့" ဟု ၎င်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းအတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ယခုနှစ် စက်တင်ဘာအတွင်း ကမ်းပြိုမှု ၇၇ ကြိမ် ကြုံခဲ့ရပြီး လူဦးရေ ၁၅၀၀ ခန့်၊ နေအိမ် ၂၇၀ ကျော် ဖျက်ကာ နေရာပြောင်းရွှေ့ခဲ့ရသဖြင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၂၅၅ သန်း ရှိခဲ့သည်။

ယင်းသို့ ရွှေ့ပြောင်းနေထိုင်ရသူများကို စစ်ကိုင်းတိုင်း လူ/ကယ်/ပြန် ဌာနက ကျပ်သိန်း ၃၅၀ ကျော် ငွေကြေးထောက်ပံ့ပေးခဲ့ရကြောင်း စစ်ကိုင်းတိုင်းသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရုံးစာရင်းများအရ သိရသည်။ 

R-20