News

POST TYPE

LATEST NEWS POST

သထုံမြို့နယ်ထွေအုပ်နှင့် စည်ပင်အဖွဲ့မှ အင်ဂျင်နီယာမှူးတို့ကို အဂတိမှုဖြင့် အရေးယူ
10-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မွန်ပြည်နယ်၊ သထုံမြို့၊ လမ်းမီးလင်းရေးအတွက် LED မီးသီး ဝယ်ယူတပ်ဆင်ရန် ခွင့်ပြုရန်ပုံငွေထဲမှ ကျပ်သိန်း ၂၀ ကို အလွဲသုံးစားပြုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး နှင့် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးတို့ကို ဒီဇင်ဘာ ၉ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။

အရေးယူခံရသော သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း (လက်ရှိ မဘိမ်းမြို့နယ်အုပ်ချုပ်ရေးမှူး) မှာ မွန်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသဖွံဖြိုးရေး ရန်ပုံငွေ(၂၀၁၈ ခုနှစ် Mini Budget) မှ သထုံမြို့နယ် လမ်းမီးလင်းရေးအတွက် LED မီးလုံးအရေ အတွက် ၅၀၀ လုံး ဝယ်ယူတပ်ဆင်ရန် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို လက်ခံခဲ့သည်။

ယင်းနောက် သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်းကို LED လမ်းမီး ဝယ်ယူ တပ်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဖွဲ့စည်းတာဝန်ပေးခဲ့သဖြင့် ဦးတင်ထွန်းမှာ နေပြည်တော်၊ ဘောဂသီရိ ကားဝင်းရှိ ကုမ္ပဏီတစ်ခုထံတွင် 100 Watt LED Street Lamp အစုံ (၅၀၀) နှင့် 24 Hour Timer Complete Set (၁၀)စုံ တို့ကို ကျပ်သိန်း ၄၈၀ ဖြင့် ဝယ်ယူတပ်ဆင်ခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းမှာ LED လမ်းမီး ဝယ်ယူတပ်ဆင်ရေးအတွက် ကုမ္ပဏီသို့ ကျသင့်ငွေ ကျပ်သိန်း ၄၈၀ ကို ပေးချေရမည် ဖြစ်သော်လည်း ကျပ်သိန်း ၄၆၀ ကိုသာ မီးလုံးဝယ်ယူတပ်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွန်းမှတစ်ဆင့် ကုမ္ပဏီသို့ပေးချေခဲ့ပြီး လုပ်ငန်းပြီးသည့်အထိ ခွင့်ပြုငွေ ကျပ်သိန်း ၂၀ ကို ၎င်း၏ လက်ဝယ်၌ မရိုးမဖြောင့်သောသဘောဖြင့်ရယူထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်းမှာ ပစ္စည်းဝယ်ယူသည့် ကုမ္ပဏီကို ကျပ်သိန်း ၄၆၀ ကိုသာ ထုတ်ပေးခဲ့သော်လည်း စာရင်းစစ်အဖွဲ့မှ စစ်ဆေးခံနိုင်ရန် ငွေကျပ်သိန်း ၄၈၀ လက်ခံရရှိကြောင်း ပြေစာ၌ လက်မှတ်ရေးထိုး၍ Back Date ဖြင့် စာရင်းပြုစုခဲ့ပြီး ယင်းငွေ သိန်း ၂၀ ကို ဦးတင်ထွန်းက ၎င်းအားပေးအပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့နှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
(S - 03)



  • VIA