News

POST TYPE

LATEST NEWS POST

ပြင်ဦးလွင်ရှိ ဦးပိုင်မြေ ၂ ဧကကျော်ကို ကြမ်းခင်းဈေး ကျပ် ၂၀ ဘီလီယံဖြင့် လေလံတင်ရောင်းချ
10-Dec-2019

မန္တလေး၊ ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရှိ ဦးပိုင်မြေကွက် အကျယ် ၂ ဒသမ ၂၇၆ ဧကရှိ ဂရန်မြေကွက်နှင့် မြေပေါ်ရှိအဆောက်အအုံများအားလုံးကို ကျပ် ၂၀ ဘီလီယံဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။

အဆိုပါမြေကွက်သည် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၅၊ ကွင်းအမှတ် ၃၆၊ အကွက်အမှတ် ပြည်သာယာ၊ ဦးပိုင်အမှတ် ၃၅၆၊ (ယခင်ဦးပိုင် ၃၅၆ က၊ ခ၊ ဃ)၊ မြေကွက်အမှတ် ၁၅၅၊ ဧရိယာ ၂ ဒသမ ၂၇၆ ဧက ကျယ်ဝန်းသည့်မြေကို လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း တရားလွှတ်တော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

လေလံတင်ရောင်းချပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဝယ်ယူသူကိုယ်တိုင်နှင့် တရားဝင်ကိုယ်စားလှယ်လွှဲထားသူများ လာရောက်လေလံဆွဲဝယ်ယူနိုင်ကြောင်း ကြေညာချက်တွင် ပါဝင်သည်။

အဆိုပါမြေကွက်သည် မြဝတီဘဏ်ကတရားနိုင်ထားသည့် မြေကွက်ဖြစ်ပြီး ဖော်ပြပါအချက်များသည် တရားနိုင်က တရားရုံးသို့ဖော်ပြထားသည့် အချက်များဖြစ်ကြောင်း တရားလွှတ်တော်ထံမှ သိရသည်။

လေ့လာရောင်းချမှုများကို ရောင်းချသူအရာရှိ၏ သတ်မှတ်ချက်များအတိုင်း ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းအမြင့်ဆုံးဖြင့် ဝယ်ယူသူကို လေလံဆွဲသူအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေလံရောင်းချမှုတွင် လေလံဆွဲဝယ်ယူသူမှ ငွေကျပ် ၁၀၀ လျှင် ၂၅ ကျပ် ပေးချေရမည်ဖြစ်ပြီး သတ်မှတ်ထားသည့်စပေါ်ငွေ ပေးဆောင်ခြင်းမရှိပါက ပြန်လည်လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါတရားလွှတ်တော်ထံမှ သိရသည်။

လေလံဆွဲဝယ်ယူရရှိသူသည် ၂၅ ရာခိုင်နှုန်းကို နေချင်းပြီးပေးချေရမည်ဖြစ်ပြီး ကျန်ငွေများကို ၁၅ ရက်အတွင်း ထပ်မံပေးချေရမည်ဖြစ်ကာ ပေးဆောင်ရန်ပျက်ကွက်သူအနေနှင့် ပေးသွင်းထားသည့် လေလံငွေများကို ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။




  • VIA