News

POST TYPE

LATEST NEWS POST

လူ့အခွင့်အရေးကော်မရှင်အနေနှင့် လူ့အခွင့်အရေးကို အခြေခံသောစဉ်းစားချက် ကင်းမဲ့နေဟု အရပ်ဘက်အဖွဲ့အစည်းများ ဝေဖန်
10-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၉ 

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်ရှိ ကော်မရှင်အဖွဲ့ဝင်များသည် လူ့အခွင့်အရေးကို အခြေခံသော စဉ်းစားချက်ကင်းမဲ့နေပြီး တပ်မတော်ကိုသာ ကာကွယ်ပေးနေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ပြောကြားသည်။ 

ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အပြောလျှော့ပြီး အလုပ်ပိုလုပ်ပါ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ယခုကဲ့သို့ အရပ်ဘက်အဖွဲ့အစည်း ၂၀ က ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူ့အခွင့်အရေးများမြှင့်တင်နိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်လည်း အစီရင်ခံစာထဲတွင် တောင်းဆိုထားသည်။ 

ထို့ပြင် လူ့အခွင့်အရေးကော်မရှင်အနေနှင့် ပြည်တွင်းစစ်ဖြစ်နေသည့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့် အရေးချိုးဖောက်မှုများကို မကိုင်တွယ်နိုင်သလို ကိုင်တွယ်လိုသည့်ဆန္ဒလည်း မရှိကြောင်း Generation Wave အဖွဲ့မှ ကိုဘိုဘိုက ပြောကြားသည်။

“မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့အမှုတွေဆို လူ့အခွင့်အရေးကော်မရှင်က ကိုင်တွယ်လိုသည့်ဆန္ဒမရှိဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ သက်တမ်းမှာ ၂၀၁၉ စက်တင်ဘာလအတွင်း ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း ကော်မရှင်အဖွဲ့ဝင်အသစ်များ ရွေးချယ်ရေးနှင့် ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ကြေညာအသိပေးခြင်းမရှိသေးကြောင်း လူ့အခွင့်အရေးကာကွယ်မြှင့် တင်သူများအဖွဲ့မှ ကိုအောင်ဇော်ဦးက ပြောကြားသည်။

“ကော်မရှင်အသစ်ကို အတွေ့အကြုံရှိပြီး ဖြောင့်မတ်တဲ့ လူ့အခွင့်အရေးသမားတွေနဲ့ အစားထိုးပြီး သွေးသစ်လောင်းဖို့ သမ္မတကလုပ်ဖို့အချိန်တန်ပြီ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် လူ့အခွင့်အရေး ကော်မရှင်အနေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော ဖျာပုံရှိ ကျားဖောင်များသို့သွား ရောက်စစ်ဆေးမည်ဟု ပြောဆိုခဲ့သော်လည်း စက်လှေမရှိသဖြင့် ပင်လယ်တွင်းမသွားရောက်ခဲ့ရခြင်းနှင့် ပတ်သက်၍ ပြည်သူများက ဝေဖန်ခဲ့ကြသည်။ 

ထို့ပြင် ယင်းကျားဖောင်ပေါ်ရှိ လုပ်သားများကို ရိုက်နှက်ခြင်းနှင့် ပတ်သက်၍လည်း အလုပ်မလုပ်ပါက အရိုက်ခံရမည်ဟု ပြောဆိုချက်နှင့် ပတ်သက်၍လည်း ပြည်သူများက ဒေါသထွက်ခဲ့ကြသေးသည်။ 

ယင်းအပြင် မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင်သည် မြန်မာစစ်တပ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို ရင်ဆိုင်၍ သတင်းထောက်များ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် တက်ကြွလှုပ်ရှားသူများအား လူသိရှင်ကြားကာကွယ် စောင့်ရှောက်ပေးရန် ပျက်ကွက်ခဲ့ကြောင်း အသံအဖွဲ့မောင်ဆောင်းခက ပြောကြားသည်။

“လက်ရှိ ကော်မရှင်အဖွဲ့ဝင်တွေအစား လူ့အခွင့်အရေးကို တကယ်လေးစားလိုက်နာတဲ့သူတွေနဲ့ ပြောင်းလဲလုပ်ဆောင်ဖို့ လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။

ကော်မရှင်အဖွဲ့ဝင်အသစ်များ ရွေးချယ်ရေးနှင့် ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ကြေညာ အသိပေးအကြောင်းကြားရန်နှင့် ပြည်သူလူထုအား ချပြနိုင်ရန် ဒီဇင်ဘာလ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုအစိုးရသို့ အရပ်ဘက်အဖွဲ့အစည်း ၂၀ မှ လက်မှတ် ရေးထိုးတင်ပြသွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့မှ ကိုအောင်ဇော်ဦးက ပြောကြားသည်။

အေးချမ်းသူ