News

POST TYPE

LATEST NEWS POST

ဒဂုံတက္ကသိုလ်ကျောင်းသားကို နှိပ်စက်သည့် ကျားဖောင်ဦးစီး ဖမ်းဆီးထားစဉ် သေဆုံး
10-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၉

ဖျာပုံမြို့နယ်ရှိ ပင်လယ်ပြင် ငါးဖမ်းကျားဖောင်တစ်ခုတွင် လူကုန်ကူးခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားအမှုဖြစ်စဉ်နှင့် ပတ်သက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသူများထဲတွင် ပါဝင်သော ကျားဖောင်ဦးစီးမှာ ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း ကျောက်တံတားမြို့မရဲစခန်းထံမှ သိရသည်။

သေဆုံးသူ ကျားဖောင်ဦးစီး ဦးကျော်အောင် (၄၂) နှစ်မှာ ကျားဖောင်ပေါ်တွင် ဒဂုံတက္ကသိုလ် သမိုင်းဌာနမှ နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းကို ရိုက်နှက်နှိပ်စက်သည်ဟုဆိုကာ ၎င်းကို နိုဝင်ဘာလ ၂၂ ရက်နေ့ က ဖမ်းဆီးပြီး ကျောက်တံတားမြို့မရဲစခန်းတွင် စစ်ဆေးမေးမြန်းနေစဉ် ဒီဇင်ဘာလ ၇ ရက်က ရဲစခန်းအချုပ်ခန်းအတွင်း လေဖြတ်ခဲ့သည်။

လေဖြတ်သွားသူ ဦးကျော်အောင်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ကျောက်တံတားမြို့မရဲစခန်းမှူးထံမှ သိရသည်။

ကျားဖောင်ပေါ်သို့ လူကုန်ကူးခံရသည့် ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းမှာ အောက်တိုဘာ ၂ ရက်နေ့က ဈေးဝယ်ထွက်စဉ် ပျောက်ဆုံးခဲ့သောကြောင့် မိသားစုက ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ပြီး နည်းမျိုးစုံဖြင့် လိုက်လံစုံစမ်းခဲ့ရာမှ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ရှိ ပင်လယ်ပြင် ငါးဖမ်းကျားဖောင်တစ်စီးပေါ် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည်။

ယင်းနောက် ကိုမြတ်သူရထွန်းကို ၎င်း၏ မိသားစုက နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က လတ်တလော သေဆုံးခဲ့သည့် ကျားဖောင်ဦးစီး ဦးကျော်အောင်အပါအဝင် သုံးဦး ကို ဖမ်းဆီး၍ ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျားဖောင်ပေါ်တွင် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ကိုမြတ်သူရထွန်းကို ၎င်း၏ မိသားစုက ကယ်တင်နိုင်ခဲ့ပြီးနောက် ကျားဖောင်ပေါ်တွင် လူကုန်ကူးခံရသော အမျိုးသားသုံးဦးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပြီး လူ့အခွင့်အရေး ကော်မရှင်ကလည်း ကျားဖောင်ကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

S-03