News

POST TYPE

LATEST NEWS POST

တပ်မတော် သိမ်းပိုက်ထားသည့် မွန်ပြည်သစ်ပါတီ တပ်စခန်း ပြန်ပေးရန် မွန်အရပ်ဘက်အဖွဲ့များ တောင်းဆို
09-Dec-2019

ရန်ကုန်၊ ဒီဇင်ဘာ ၉

ပြီးခဲသည့် နိုဝင်ဘာလကုန်ပိုင်းက ဘုရားသုံးဆူမြို့နယ်အတွင်း တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီ တပ်စခန်းကို တပ်မတော်က သိမ်းပိုက်ထားခြင်းနှင့် ပတ်သက်၍ ယင်းတပ်စခန်းကို ပြန်လည်အပ်နှံရန် မွန်အရပ်ဘက် လူမှုအဖွဲ့များက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လိပ်မူသည့် တောင်းဆိုချက်တစ်ရပ်ကို ဒီဇင်ဘာ ၉ ရက်တွင်ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အနီးရှိ မွန်ပြည်သစ်ပါတီ တပ်တည်နယ်မြေ ဂျပန်ရေတွင်းကျေးရွာတွင် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တို့နှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် ဒေသခံ ဂျပန်ရေတွင်းကျေးရွာသားများ ထိုင်းနယ်စပ်မှတစ်ဆင့်ထွက်ပြေး စစ်ဘေးရှောင်ခဲ့ကြရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ဂျပန်ရေတွင်းကျေးရွာအနီးတွင် တပ်မတော်မှ တပ်စွဲထားဆဲဖြစ်ပြီး ဒေသခံများအနေနှင့်လည်း စစ်ဘေးရှောင်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ကြောင်း တောင်းဆိုချက် ထုတ်ရာတွင် ပါဝင်ခဲ့သည့် မွန်အမျိုးသမီးအဖွဲ့မှ မိကွန်းချမ်းနွန်က ပြောကြားသည်။

တပ်မတော်နှင့် မွန်ပြည်သစ်ပါတီအကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက် တစ်ခုခုရရှိသွားသည်ဟုလည်း သိထားရသော်လည်း လက်ရှိအချိန်ထိ တပ်မတော်က တပ်ဆုတ်ပေးခြင်း မရှိသေးဘဲ ယင်းနေရာတွင် ဆက်လက်တပ်စွဲထားကြောင်း ယင်းနေရာသည် ယခင်ကတည်းက မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်နယ်မြေဖြစ်ပြီး မွန်ပြည်သစ်ပါတီကို ဆက်လက်ထိန်းချုပ်ခွင့်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း မိကွန်းချမ်းနွန်က ပြောကြားသည်။

“သူတို့တွေအနေနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အဲဒီနေရာကို ပြန်ဆုတ်ပေးမယ် ပြန်အပ်ပေးမယ်လို့ သဘောတူထားတာရှိတယ်လို့ သိရတယ်။ တွေ့ဆုံဆွေးနွေးတာတွေလည်း အကြိမ်ကြိမ်ရှိခဲ့ပြီပေါ့။ မွန်ပြည်သစ်ပါတီကို ပြန်ပြီး စခန်းချဖို့ သဘောတူခဲ့တယ်လို့လည်း သိရတယ်။ ဒါပေမယ့် အခုအချိန်ထိ တပ်က ဆုတ်မယ်လို့ပြောထားပေမယ့် အခုချိန်ထိ တပ်ကရှိနေတုန်းပဲ။ 

တကယ့်တကယ်မှာ အရင်တည်းက မွန်ပြည်သစ်ပါတီ တပ်တွေပဲရှိတာ သူတို့တွေက ဘုရားသုံးဆူမှာပဲ ရှိတာ။ အဲဒီနေရာထိ ဆုတ်ရမယ်လို့တော့ တောင်းဆိုထားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဂျပန်ရေတွင်းကျေးရွာအနီးဖြစ်ပွားသည့် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီနှင့် တိုက်ပွဲများကြောင့် ဒေသခံ ရာနှင့်ချီကာ တစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီသည် ယခုလက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

(J - 08)


  • VIA