News

POST TYPE

LATEST NEWS POST

ချင်းတွင်းမြစ်ကြောင်းပြုပြင်ရေး ကျပ်သန်း ၇၀၀ကျော်အသုံးပြုမည်
09-Dec-2019


ကလေး၊ ဒီဇင်ဘာ ၉

ရေယာဉ်များ လွယ်လွယ်ကူကူသွားလာနိုင်ရေး ချင်းတွင်းမြစ်ကြောင်းကို ကျပ်သန်း ၇၀၀ကျော်အသုံးပြု၍ ပြုပြင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဌာနထံမှ သိရသည်။

ချင်းတွင်းမြစ်ကြောင်းပြုပြင်ရေးလုပ်ငန်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ လုပ်ဆောင်မည်ဖြစ်ပြီး သုံးစွဲမည့် ကျပ်သန်း ၇၀၀ကျော်သည် ယခုဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

မြစ်ကြောင်းပြုပြင်ခြင်းလုပ်ငန်းတွင် မော်လိုက်မြို့နယ်အတွင်း ကျပ်သန်း ၃၃၀၊ မုံရွာမြို့နယ်အတွင်း ကျပ်သန်း ၃၀၀၊ ပေါင်းဝ-အမြင့်ရေလမ်းကောင်းမွန်ရေး ကျပ်သန်း ၁၀၀ စုစုပေါင်းကျပ်သန်း ၇၃၀ အသုံးပြုမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းဌာန တိုင်းညွှန်ကြားရေးမှူး ဦးဘုန်းကျော်စိန်က “ရေတိုင်းရေကာရိုက်တာ၊ သောင်တူးတာတို့လုပ်မယ်။ အဲဒီနေရာတွေမှာ ရေနည်းကာလရောက်လာရင် ရေလမ်းကြောင်းပျက်စီးတာတွေ ရှိတယ်။ အဲဒီမှာ ရေလမ်းကြောင်းတွေကောင်းအောင် စက်လှေတွေ သွားတာလာတာလွယ်ကူသွားအောင်လုပ်မယ်” ဟု ပြောကြားသည်။

ချင်းတွင်းမြစ်သည် မြန်မာ-အိန္ဒိယနယ်စပ်ရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံပြီး မြစ်ကြောင်းအရှည် ကီလိုမီတာ ၁၂၀၇ ကီလိုမီတာ(၇၅၀) မိုင် ရှည်လျားသည့် မြစ်ဖြစ်သည်။

ယင်းမြစ်ဖျားတွင် စစ်ကိုင်းတိုင်းအတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့၊ မုံရွာမြို့များကို ဖြတ်သန်းစီးဆင်းပြီး ပခုက္ကူမြို့အထက် အနီးအရောက် ဧရာဝတီမြစ်အတွင်း စီးဝင်းသည့်မြစ်ဖြစ်သည်။

မုံရွာ-ခန္တီး ခရီးသည်တင်ရေယာဉ်မောင်းတစ်ဦးက “ရွှေမျောတွေရှိနေသေးတဲ့အတွက် မြစ်ကြောင်းတွေက ကောနေဦးမှာပဲ။ ကောနေမယ့်မြစ်ဆိုတော့ ရေလမ်းကြောင်းပွင့်အောင် အခုလိုလုပ်ပေးမှသာ သွားလို့၊ လာလို့ဖြစ်မှာ” ဟု မှတ်ချက်ပေးသည်။ 

ချင်းတွင်းမြစ်အတွင်း မုံရွာမြို့မှ ခန္တီးမြို့အထိ ရေယာဉ်ပြေးဆွဲမှုအနေဖြင့် ကုန်တင်ရေယာဉ် ၁၂ စီးခန့်၊ ခရီးသည်တင်ရေယာဉ် ၁၀ စီးခန့်မှာ နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီရုံးထံမှ သိရသည်။

R - 20 ၊ ဓာတ်ပုံ-ငြိမ်းသူမင်း



  • VIA