News

POST TYPE

LATEST NEWS POST

တောင်ငူ နှစ်လောင်းပြိုင်လူသတ်မှုပြင်ဆင်ချက် တိုင်းတရားရုံးလက်မခံ
09-Dec-2019


ပုံစာ - ပြစ်မှုကျုးလွန်သူ အမျိုးသားနှစ်ဦးကို တောင်ငူခရိုင်တရားရုံးအချုပ်ခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ရုံးထုတ်လာပုံ

တောင်ငူ၊ ဒီဇင်ဘာ ၉

တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ် နှစ်လောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ တရားလိုနှင့် တရားခံတို့က တင်သွင်းသည့် ပြင်ဆင်ချက်ကို ပဲခူးတိုင်းတရားလွှတ်တော်ရုံးက လက်မခံကြောင်း တောင်ငူခရိုင်တရားရုံးထံမှ သိရသည်။ 

ယင်းအမှုသည် ယခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးကို မသေမချင်း ထုနှက်၊ သတ်ဖြတ်နေသည့် ရုပ်သံဖိုင်ကြောင့် လူထုကြားကျယ်ကျယ်ပြန့်ပြန့် သိရှိသွားခဲ့သည့် အမှုတစ်ခုလည်းဖြစ်သည်။

တရားလို၊ တရားခံဘက်မှ တင်သွင်းသည့် ပြင်ဆင်ချက်ကို တိုင်းတရားလွှတ်တော်က လက်မခံဘဲ တောင်ငူခရိုင် တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်းသာလက်ခံကြောင်း ပြီးခဲ့သည့်သောကြောနေ့က အကြောင်းပြန်လာသည်ဟု ခရိုင်တရားရုံးထံမှ သိရသည်။

“တရားခံနဲ့ တရားလို ဒီအမိန့်ကို မကျေနပ်ရင် ပြည်ထောင်စုတရားလွှတ်တော်ရုံးကို ဆက်လက်တင်သွင်းနိုင်ပါတယ်”ဟု တောင်ငူခရိုင်တရားရုံး ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၉ရက်တွင် The Voice သတင်းစာသို့ ပြောကြားသည်။

တောင်ငူခရိုင်တရားရုံးက ကျုးလွန်သူများအပေါ် စွဲချက်တင်ခဲ့သည့်ပုဒ်မနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဘက်လုံးက ဇူလိုင်လခန့်က ပဲခူးတိုင်းတရားလွှတ်တော်ရုံးထံ ပြင်ဆင်ချက်တင်သွင်းခဲ့ပြီး လေးလနီးပါးအကြာတွင် ပြင်ဆင်ချက်ကို ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ပြင်ဆင်ချက်ကို လက်မခံသည့်အတွက် တောင်ငူခရိုင်တရားရုံးအနေဖြင့် ယခုသီတင်းပတ်ထဲမှာပင် တရားခံဘက်မှ တင်သွင်းသည့်သက်သေများကို ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း တောင်ငူခရိုင်တရားရုံးထံမှ သိရသည်။

ထူးခြားအခြေအနေမရှိပါက ရက်ပေါင်း ၅၅ ရက်အကြာတွင် စစ်ဆေးမှုများပြီးစီးမည်ဖြစ်ကာ လာမည့် ၂၀၂၀ခုနှစ်၊ ဖေဖော် ဝါရီလအတွင်း(အမှုဖြစ်ပြီး တစ်နှစ်ခန့်အကြာတွင်) စီရင်ချက်ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး တောင်ငူခရိုင်တရားရုံးတွင် ယခုနှစ်မတ်လ ၁၈ ရက်က စတင်တရားစွဲဆိုခဲ့ပြီ တရားလိုပြသက်သေ၂၁ ဦးကို စစ်ဆေးမှုအပြီး ဇွန်၂၁ ရက်က လူသတ်မှုနှင့် စွဲချက်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပြစ်မှုကျုးလွန်သည်ဟုဆိုသော အမျိုးသားနှစ်ဦးအပါအဝင် တရားခံဘက်မှတင်သွင်းထားသည့်သက်များကို ထပ်မံစစ်ဆေးရမည်ဖြစ်ကြောင်း တောင်ငူခရိုင်တရားရုံး ပြန်ကြားရေးအဖွဲ့မှ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်က တောင်ငူမြို့နယ် ကေတုမတီမြို့သစ်မင်းကြီးဆွေရပ်ကွက် နေအိမ်တစ်အိမ်တွင် အိမ်ခြံမြေဂရန်သက်တမ်းတိုးရန်ကိစ္စစကားများရာမှ ရန်ကုန်မြို့နေ ဇနီးမောင်နှံနှစ်ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

ရန်ကုန်မြို့နေ ဦးစိုးလင်းသန်း(၄၉နှစ်)နှင့် ဇနီးဒေါ်ချောစုစုလင်း(၄၅နှစ်)ကို အိမ်ရှင်သားအဖက ကြွေသီးဖြင့်ထုနှက်ခဲ့၍ သေဆုံးခဲ့ပြီး ၎င်းတို့နှင့်အတူပါလာသည့် သမီးဖြစ်သူ(၁၅နှစ်)မှာ ဒဏ်ရာမရရှိခဲ့ကြောင်း ကေတုမတီရဲစခန်းထံမှ သိရသည်။

ကျုးလွန်သည်ဆိုသော အိမ်ရှင်သားအဖ တိုးကြည်(၇၆နှစ်)နှင့် ရဲဝင်း(၅၁ နှစ်)တို့ကို ကေတုမတီမြို့သစ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၅၊ ၁၁၄၊ ပြည်သူပိုင်ပစ္စည်းစောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)တို့ဖြင့် အမှုဖွင့်ထားသည်။

ယင်းအမှုများအတွက် တောင်ငူမြို့နယ်နှင့် တောင်ငူခရိုင်တရားရုံးများတွင် သီးခြားစီတရားရင်ဆိုင်နေကြရကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

(R -15)၊ ဓာတ်ပုံ-ဇေယျာကို




  • VIA