News

POST TYPE

LATEST NEWS POST

ICJ တွင် တရားရင်ဆိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့နယ်သာလန်သို့ ထွက်ခွာ
08-Dec-2019
  

ရန်ကုန်၊ ဒီဇင်ဘာ ၈

ဂမ်ဘီယာနိုင်ငံမှ တရားစွဲထားသော အမှုအတွက် ICJ တွင် တရားရင်ဆိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် နေပြည်တော်မှ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့သို့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) ချမှတ်ပေးရန် လျှောက်ထားချက်နှင့်ပတ်သက်၍ နှစ်ဖက်စလုံးက နှုတ်ဖြင့်လျှောက်လဲ တင်သွင်းခြင်းများကို အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဒီဇင်ဘာ ၁၀ ရက်၊ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် အဆိုပါ တရားရုံးတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ဦးဆောင်ကာကွယ်ပြောကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Jurgens နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရှိရသည်။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံကြောင်းပြသရန်အတွက် မြန်မာနိုင်ငံမှ ပြည်သူအချို့လည်း သီးခြားအစီအစဉ်အဖြင့် နယ်သာလန်နိုင်ငံသို့ လိုက်ပါသွားခဲ့ကြပြီး အမေရိက၊ ဥရောပနှင့် အခြားသော နိုင်ငံများသိုရောက်ရှိနေသော မြန်မာများလည်းလာရောက်ပူးပေါင်းကြမည်ဖြစ်ကြောင်း နယ်သာလန်သို့ လိုက်ပါသွားသည့် ကိုမောင်မောင်အေးက ပြောသည်။ 

“အစီအစဉ်ကတော့ မနက်တိုင်း ရုံးချိန်မှာသွားပြီးတော့ ထောက်ခံကြောင်း ဘုတ်ပြားလေးတွေကိုင်ပြီး ငြိမ်းချမ်းဆန္ဒထုတ်ဖော်မှာပါ” ဟု ၎င်းကဆိုသည်။ 

အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုထောက်ခံကြောင်း ဆန္ဒပြပွဲများကိုလည်း ယခုလဆန်းပိုင်းမှ စတင်ကာ မြန်မာနိုင်ငံအနှံ့လုပ်ဆောင်နေပြီး စတင်တရားရင်ဆိုင်မည် ဒီဇင်ဘာ ၁၀ ရက်တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။ 





  • VIA