News

POST TYPE

LATEST NEWS POST

ICJ တွင်တရားရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောက်ခံပွဲများ မလိုအပ်ဟု ရွှေဝါရောင်သံဃာကွန်ရက်ဆို
08-Dec-2019
ရန်ကုန် ၊ ဒီဇင်ဘာ ၈

ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ICJ တွင်သွားရောက်ဖြေရှင်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ထောက်ခံပွဲများ ပြုလုပ်ရန်မလိုအပ်ကြောင်း နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာကွန်ရက် ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားလိုက်သည်။ 

ဒီဇင်ဘာ ၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရွှေဝါရောင်သံဃာကွန်ရက်၏ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးထံသို့ ပန်ကြားလွှာထုတ်ပြန်ပွဲတွင် ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။ 
 “သွားတောင်မဖြေရှင်းရသေးဘူး ဒီမှာက ထောက်ခံပွဲလုပ်နေတယ်။ ဘယ်သူအတွက် ဖြေရှင်းမှာလဲ ပြည်သူအတွက်လား တပ်မတော်အတွက်လား မသိသေးဘဲလုပ်နေတာ “ဆရာတော်က မိန့်သည်။

ယခုကဲ့သို့ မည်သူ့ဘက်က ရပ်တည်ကာဖြေရှင်းမည်ကို မသိဘဲ ထောက်ခံပွဲများပြုလုပ်နေခြင်းထက် တရားရင်ဆိုင်ရာတွင် အမှန်တကယ်ပြည်သူ့ဘက်က ရပ်တည်ဖြေရှင်းမှသာ ထောက်ခံသွားမည်ဖြစ်ကြောင်း ဦးစန္ဒာသီရိက ဆက်လက်ပြောသည်။ 

ထို့ပြင် လက်ရှိတွင် မြန်မာနိုင်ငံသည် ဂုဏ်သိက္ခာကျဆင်းနေသည့် အချိန်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သွားရောက် ဖြေရှင်းမည့်ကိစ္စကို ကန့်ကွက်ရန်မရှိသော်လည်း အမှန်တကယ်မှာ ကိုယ်တိုင်ကျူးလွန်သောသူများနှင့် ပါဝင်ပါတ်သတ်သော တပ်မတော်မှတာဝန်ရှိပုဂ္ဂိုလ်များတွင်သာ တာဝန်ရှိကြောင်း အဓမ္မဝါဒီဆန့်ကျင်ရေးကော်မတီမှ ကိုမြတ်ကျော်က ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သာဆက်သွားနေရင် ကျနော်တို့နိုင်ငံ ဒီထက်ဆိုးတဲ့ အခြေအနေမျိုး ကြုံရမှာပါ” ဟု ၎င်း ကဆိုသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မိမိဂုဏ်သိက္ခာနှင့် အခြားသူများ၏ ဂုဏ်သိက္ခလာ မထိခိုက်အောင် အမှုမှန်ကို ဖုံးကွယ်ခဲ့ပါက နိုင်ငံတကာအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်နိုင်သဖြင့် မြန်မာနိုင်ငံရှိပြည်သူများကိုပါ ထိခိုက်နိုင်ကြောင်း ပြည်ထောင်စုရှေနေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့မှ ဥက္ကဌတရားလွှတ်တော်ရှေနေဦးကြီးမြင့်က ပြောသည်။

“အများပြည်သူထိခိုက်မဲ့အတွက်ဆို ICJ မှာစစ်တဲ့အခါ မလိမ်ပါနဲ့။ အခြားသူတွေအတွက်လည်း မလိမ်စေချင်ဘူး” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖြေရှင်းမည့်ကိစွနှင့် ပါတ်သတ်၍ အဓမ္မဝါဒီဆန့်ကျင်ရေးကော်မတီ၊ နိုင်င်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာ့ကွန်ရက်နှင့် ပြည်သူ လှုပ်ရှားမှုမြင့်တင်ရေးကွန်ယက် သုံးခုပေါင်း၍ အချက် ၅ ချက်ပါဝင်သော တိုင်းရင်းသားပြည်သူတရပ်လုံးသို့ ပန်ကြားလွှာကို ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုရှေနေများနှင့် ဥပဒေအထောက်အကူပြုအဖွဲ့မှလည်း ဂမ်ဘီယာနိုင်င်ငံမှ မြန်မာနိုင်င်ငံအပေါ် ICJတွင် တရားစွဲဆို ထားခြင်းအပေါ် အချက် ၃ ချက်ပါဝင်သော သဘောထားကြေညာချက်(၆/၂၀၁၉)ကိုထုတ်ပြန်ခဲ့သည်။

အဓမ္မဝါဒီဆန့်ကျင်ရေးကော်မတီ၊ နိုင်င်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာ့ကွန်ရက်၊ပြည်သူ လှုပ်ရှားမှုမြင့်တင်ရေးကွန်ယက်၊ သုံးခုပေါင်း၍ ထုတ်ပြန်သော ကြေညာချက်တွင် ICC ၊ ICJ တရားရုံးများနှင့် ကုလသမဂ္ဂ၊နိုင်ငံတကာအသိုင်းအဝိုင်းမှလဲ ရခိုင်ပြည်နယ်အပါအဝင် တိုင်းပြည်တဝှမ်း ဖြစ်ပေါ်ခဲ့ရသော လူအခွင့်အရေးချိုးဖောက်မှုများ၊အကြမ်းဖက်မှုများ၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်ခြင်း ပြစ်မှုများကျူးလွန်ခဲ့သော ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တာဝန်ရှိသူများကို တိတိကျကျ စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူပေးရန် တိုက်တွန်းထားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ICJ တွင်တရားရင်ဆိုင်ရန် နယ်သာလန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ပြီး ၎င်းကို အားပေးရန်အတွက် ပြည်သူအချို့မှလည်း သီးခြားလိုက်ပါသွားခဲ့ကြသည်။ 

ထို့ပြင် ယခုလဆန်းပိုင်းမှ စတင်ကာ မြန်မာနိုင်ငံရှိနေရာအနှံ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲများ ဆက်တိုက်ပြုလုပ်လျှက်ရှိပြီး တရားစတင်ရင်ဆိုင်မည် ဒီဇင်ဘာ ၁၀ ရက်တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ထောက်ခံပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။ 

အေးချမ်းသူ




  • VIA