News

POST TYPE

LATEST NEWS POST

ပဲခူးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်အား သတ်ဖြတ်သူဟုယူဆရကို ဖမ်းမိ
07-Dec-2019


တောင်ငူ၊ ဒီဇင်ဘာ ၇

ပဲခူးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို အင်းတကော်မြို့ ဆယ်မိုင်ကုန်းအနီးခြံတစ်ခြံတွင် သတ်ဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူကို ဖမ်ဆီးရမိပြီဖြစ်ကြောင်း အင်းတကော်မြို့မရဲစခန်းမှူးက ပြောကြားသည်။

ကျူးလွန်သူဆိုသူ အေးဇော်ထွန်း(၂၄နှစ်)ကို အခင်းဖြစ်ပြီးနောက်တစ်နေ့ (ဒီဇင်ဘာ၆) ညနေပိုင်းတွင် ကြို့ပင်ကောက်မြို့နယ် ဂုံမင်းတန်းကျေးရွာတွင် သက်သေခံပစ္စည်းများဖြစ်သည့် လင်ခရူဆာကား၊ ရွှေထည်လက်ဝတ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

‘သက်သေခံ ရွှေငွေပစ္စည်းတွေကို အပေါင်ဆိုင်က သိမ်းဆည်းလာပါပြီ။ ကြို့ပင်ကောက်မှာ ဖမ်းမိတဲ့အမျိုးသားက အင်းတကော်ဇာတိဖြစ်ပြီး အလုပ်ဝင်တာ မကြာသေးဘူး။ သူက အဓိကတရားခံလို့ပြောနိုင်ပြီး ပူးပေါင်းပါဝင်တယ်လို့ ယူဆရတဲ့အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်’ ဟု အင်း၊ တကော်နယ်မြေရဲစခန်းမှူးက ဆက်လက်ပြောဆိုသည်။

အေးဇော်ထွန်းနှင့်အတူ သတ်ဖြတ်ခံထားရသူပိုင်ဆိုင်သည့် 5D/----လင်ခရူဆာကား၊ ရွှေ ၅ မူးသားခန့်ရှိ ကျောက်နီလက်စွပ်တစ်ကွင်း(တန်ဖိုးသိန်း ၅၀) I-Phone 10 အမျိုးအစားခဲရောင်ဖုန်းတစ်လုံး(တန်ဖိုး ၁၈ သိန်း)၊ Samsung Pro 9 ဖုန်းတစ်လုံး(တန်ဖိုး ၆ သိန်း) ကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါသတ်ဖြတ်ခံရသူ Big Boss သောက်ရေသန့်စက်ရုံပိုင်ရှင် ဦးဝင်းထွဋ်(၅၅ နှစ်)ကိုဒီဇင်ဘာ ၅ ရက်က ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဆယ်မိုင်ကုန်းအနီး ၎င်းပိုင်ခြံထဲတွင် အေးဇော်ထွန်းနှင့် အမျိုးသားနှစ်ဦးကသတ်ဖြတ်ပြီး မြေကြီးထဲမြုပ်နှံကာ အလောင်းကို ဖျောက်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့်ရင်းနှီးသူ ဦးခင်မောင်ရည်က ပြောကြားသည်။

‘အခင်းမဖြစ်မီအထိ ဆက်သွယ်ရသေးတယ်။ နောက်ပိုင်း အဆက်သွယ်၊ပြတ်သွားလို့ ဂျီပီအက်စ်နဲ့ရှာတော့ အင်းတကော်ခြံထဲမှာရှိနေတာ သိရတယ်။ လူရင်းတွေလိုက်ရှာတော့ သတ်ဖြတ်သူကို CCTV မှာမြင်ရတယ်။ အလောင်းကို ဒီဇင်ဘာ ၆ ရက်၊ နံနက် ၃ နာရီ လောက်မှရှာတွေ့တယ်’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းစီးပွားရေးလုပ်ငန်းရှင် အသတ်ခံရမှုနှင့်ပတ်သက်ပြီး အေးဇော်ထွန်းအပါအဝင် အမျိုးသားသုံးဦးကို အင်းတကော်နယ်မြေရဲစခန်းမှ(ပ)၂၉၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၂/၂၀၁ အရ အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

■R-15 ■ ဓာတ်ပုံ-TWN



  • VIA