News

POST TYPE

LATEST NEWS POST

ရပ်စောက်တွင် လူသတ်အလောင်းဖျောက်မှုဖြင့် ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးစစ်ဆေး
21-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်(တောင်ပိုင်း) ရပ်စောက်မြို့တွင် နိုဝင်ဘာ ၂၀ ရက်နေ့က လူသတ်အလောင်းဖျောက်မှုဖြင့် ညီအစ်ကို နှစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးစစ်ဆေးနေသော ညီအစ်ကိုနှစ်ဦးမှာ မောင်ဝင်း (၂၅) နှစ် နှင့် သန့်ဇင်ဦး(၂၀)နှစ် တို့ဖြစ်ကြပြီး လွန်ခဲ့သည့် တစ်လခန့်က လူပျောက်တိုင်ချက်ဖွင့်ထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ မသင်္ကာသဖြင့် စစ်ဆေးရာမှ လူသတ်အလောင်းဖျောက်မှု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းညီအစ်ကို နှစ်ဦးမှာ အောက်တိုဘာ ၁၀ ရက်နေ့က ၎င်းတို့နေအိမ်သို့ ရောက်ရှိလာသော ကစ္စနား(၁၈) နှစ်ကို ဆိုင်ကယ်ရေဆေးရန် ရေခပ်ခိုင်းသည့်ကိစ္စနှင့်ပတ်သက်၍ စကားများ ရန်ဖြစ်ရာမှ သန့်ဇင်ဦးက တုတ်ဖြင့်ရိုက်နှက်သဖြင့် ကစ္စနားမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် သတိလစ်လဲကျနေစဉ် မောင်ဝင်းက ထပ်မံ၍ တုတ်ဖြင့်ရိုက်နှက်ခဲ့သောကြောင့် သေဆုံးခဲ့သည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ၎င်းတို့ညီအစ်ကို နှစ်ဦးမှ သပြေကုန်းကျေးရွာရှိ သုဿန်တွင် သွားရောက်မြုပ်နှံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရပ်စောက်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး အလောင်းကို ဖော်ယူစစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

(S -03)