News

POST TYPE

LATEST NEWS POST

ရှေ့နေဟောင်းဦးဇော်ဝင်းကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်ချ
21-Nov-2019


မန္တလေး၊ နိုဝင်ဘာ ၂၀

အထက်တန်းရှေ့နေဟောင်းဖြစ်ပြီး တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့ရာမှ လူသိများထင်ရှားလာခဲ့သူ ဦးဇော်ဝင်းကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ကျခံရန် နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ယင်းတရားရုံးက အမိန့်ချမှတ်လိုက်သည်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ကို လူတွေ အကြည်ညိုပျက်အောင် လုပ်တယ်လို့စွပ်စွဲ ထားတဲ့ဟာ ပေါ်ပေါက်လို့ပါ။ နောက်တစ်ချက်က သူက ကောင်းကောင်းမွန်မွန်လည်း ထုချေမထားနိုင်ခဲ့တဲ့အတွက် ခုလိုအမိန့်ချလိုက်တာပါ”ဟု ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတရားသူကြီး၊ ပြန်ကြားရေးအရာရှိ ဦးအောင်ကျော်ဦးက ပြောကြားသည်။

ဦးဇော်ဝင်းသည် ၂၀၁၈ ခုနှစ် မတ်လအတွင်းက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် စစ်ဆေးစီရင်ခဲ့သည့် အမျိုးသမီးတစ်ဦး၏အမှုတွင် ဒုတိယမြို့နယ် တရားသူကြီးက နှစ်ရက်အတွင်း စစ်ဆေးကာ အမိန့်ချပြစ်ဒဏ်ပေးခဲ့သည်မှာ မတရားပြုလုပ်ခြင်းဖြစ်ကြောင်းပြောဆိုပြီး တရားသူကြီးဆိုင်းဘုတ်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် ဒုတိယမြို့နယ် တရားသူကြီး ဒေါ်စုသက်ငုံက ပုဒ်မလေးခုဖြင့် ယင်းတရားရုံးမှာပင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ယင်းအပြင် ဖိနပ်ဖြင့်ပစ်ပေါက်စဉ် ပြောကြားခဲ့သည့် စကားများသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် နိုင်ငံတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟုဆိုကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဒီအမှုက ဝန်ကြီးချုပ် (မန္တလေးတိုင်း) က စွဲခိုင်းထားတဲ့အမှုဖြစ်တော့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်တာပါပဲ။ ကျွန်တော်တို့ ဥပဒေနှင့်အညီတောင် ချေပထုချေလို့မရဘူး။ ဥပဒေက လိုရာစွဲပြီးတော့ တရားရုံးက သုံးသပ်သွားတယ်။ ဖေ့စ်ဘွတ်ခ်ကတွေ့လို့ စွဲတာပါလို့ တရားလိုက ထွက်ဆိုပါလျက်နဲ့ ဒီရှေ့မှာပြောတာ အားလုံးကြားတယ်လို့ သုံးသပ်သွားတယ်။ တရားစီရင်ရေးသည် တရားမျှတမှုကို ရှေးမရှုဘူး။ အများပြည်သူကို ရှေးမရှုတဲ့အတွက် ကျွန်တော်တို့က ဘာမှပြောစရာမရှိဘူး” ဟု အမိန့်ချမှတ်ခံရသူ ဦးဇော်ဝင်းက ပြောဆိုသည်။

ဦးဇော်ဝင်းသည် ယခုအမှုအတွက် ၁၈ လကြာသည်အထိ အချုပ်ဖြင့် အမှုရင်ဆိုင်ခဲ့ရာ ချမှတ်သည့်အမိန့်အရ ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ရှိသည့်အတွက် ယခုအမှုအတွက် အကျဉ်းထောင်တွင် လေးလခန့် ထပ်မံနေရဦးမည်ဖြစ်သည်။

ဦးဇော်ဝင်းသည် ယင်းအမှုများကို ရင်ဆိုင်နေစဉ် အမှုစစ်အရာရှိက အိုးဘို အကျဉ်းထောင်တွင် လာရောက်စစ်ဆေးစဉ် ရိုက်နှက်မှုများပြုလုပ်ကြောင်း သတင်းမီဒီ ယာများထံ ပြောကြားခဲ့ခြင်းနှင့်ပက်သက်ပြီး ဝတ္တရားနှောင့်ယှက်မှုဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုသည်ကိုလည်း ထပ်မံရင်ဆိုင်နေရသည်ဖြစ်ရာ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင်ပင် အမှုတွဲနှစ်ခုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ဦးဇော်ဝင်းသည် ၂၀၁၇ ခုနှစ်က မတ္တရာမြို့နယ် တရားရုံးတွင် အမှုတစ်ခုမှ စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေအဖြစ် လုပ်ကိုင်နေစဉ် မြို့နယ် တရားသူကြီး၏ ပြောဆိုချက်ကို ဥပဒေမဲ့ ပြောဆိုသည်၊ မတရားပြောဆိုသည်ဆိုပြီး ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် တရားစွဲဆိုခံအမှု ရင်ဆိုင်ခဲ့ရပြီး ရှေ့နေလိုင်စင်ကိုလည်း ရုပ်သိမ်းခံခဲ့ရသူဖြစ်သည်။

M-04