News

POST TYPE

LATEST NEWS POST

ရေတာရှည်တွင် သစ်တန် ၇၀ ကျော်ပိုင်ရှင်မဲ့ဖမ်းမိ
16-Nov-2019
 

ဓာတ်ပုံ - ပဲခူးတိုင်းသစ်တောဦးစီးဌာန

တောင်ငူ၊နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရိုးမကြိုးပြင်ကာကွယ်တောအတွင်း နိုဝင်ဘာလ ၁၄ ရက်နေ့က နယ်၊မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကျွန်း၊ ပျဉ်းကတိုးအပါအဝင် သစ်လုံးသစ်ခွဲခြမ်း တန် ၇၀ ကျော်ဖမ်းဆီးရမိခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှသိရှိရသည်။

“သစ်တောရဲနဲ့သစ်တောဌာနက တာဝန်ရှိသူတွေ ကွင်းဆင်းရှင်းလင်းနေဆဲပါ။ တောင်ငူမြို့နယ်သစ်တောဦးစီးဌာနကို ဆက်သွယ် စုံစမ်းရင်လည်း ရပါတယ်”ဟု သစ်တောဦးစီးဌာန ဦးစီးအရာရှိအဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ နံနက်က ရေတာရှည်မြို့ နယ်သစ်တောဦးဌာန ဝန်ထမ်း ၁၃ ဦး၊ သစ်တောရဲတပ်ဖွဲ့ဝင် ၆ ဦးလိုက်ပါလာသည့် စစ်ကြောင်းသည် ရိုးမကြိုးပြင်ကာကွယ်တောတွင်း နယ်မြေရှင်းလင်းရာ နံနက် ၁၁ နာရီခွဲခန့်က ကျွန်း၂၄၂လုံး (၄၆ ဒဿမ ၃၃၂ တန်)၊ ပျဉ်းကတိုး ၇၇ လုံး (၁၈ ဒဿမ ဝ၃ တန်) ၊ ကျွန်း ၁၁ ခြမ်း ၂ ဒဿ၃၂၆ တန်၊ ပျဉ်းကတိုး ၁၇ ခြမ်း ၄ ဒဿမ ၁၈၈ တန်၊ ပျဉ်းကတိုး ၈၃၇ ချောင်း ၂ ဒဿမ ၁၅၀ တန်၊ စုစုပေါင်း ၁၁၈၄လုံး/ခြမ်း ၇၃ ဒဿမ ဝ၂၆ တန်၊ အင်ဂျင်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်ကလည်း စိန်ရေ (က) ဘိနယ်အတွင်း နယ်မြေရှင်းလင်းရာမှ ခပေါင်း ကြိုးဝိုင်း၊ အကွက် ၅၄ ကျွန်းသစ် ၇ လုံး ၁ ဒဿမ ၂၃၄ တန်၊ အကွက် ၆၁၊ ခမမပ ည A-313906 တွင် ကျွန်းသစ် ၂၃ လုံး ၄ ဒဿမ ၈၆ တန်၊ စုစုပေါင်း ကျွန်းသစ် ၅ ဒဿမ ၄၂၀ တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း သစ်ထုတ်လုပ်ခွင့် ၁၀ နှစ် ရပ်နားထားသော်လည်း အလယ်ရိုးမဟုခေါ်သည် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် အနောက်ခြမ်းကြား ရိုးမဖြတ်ကျော်လမ်းများကို အသုံးပြုပြီး တရားမဝင် သစ်ခိုးထုတ်ယူမှုများ မြင့်တက်နေသည်ဟု အရပ်ဖက်အဖွဲ့စည်းအချို့ထံမှ စုံစမ်းသိရှိရသည်။

R-15





  • VIA