News

POST TYPE

LATEST NEWS POST

ညောင်ဦးရှိ ရေနံမှော်များတွင် ရေနံဆက်ထုတ်နေ၍ ရေနံတွင်းသံပိုက်များအတွင်း ကွန်ကရစ်လောင်းပိတ်ဆို့
15-Nov-2019


ချောက်၊ နိုဝင်ဘာ ၁၄

ညောင်ဦးမြို့နယ် တက်မရေနံမြေရှိ ရေနံမှော်များတွင် ရေနံဆက်လက် ထုတ်ယူနေသဖြင့် ယင်းမြို့အထွေထွေ အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြီး ၎င်းဦးဆောင်သော ဌာနပေါင်းစုံ အဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ပြီး ယင်းရေနံမှော်များရှိ ရေနံလက်ယက်တွင်းများ ရေနံမထုတ်ယူနိုင်ရန် ရေနံတွင်းသံပိုက်များအတွင်းသို့ ကွန်ကရစ် လောင်းပိတ်ဆို့ခြင်း ဆောင်ရွက်ကြောင်း ယင်းခရိုင် စီမံခန့်ခွဲရေးအဖွဲ့ထံမှ သိရသည်။

ညောင်ဦးခရိုင် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ညဘက် လာခိုးထုတ်မှာစိုးလို့ ကွန်ကရစ်လောင်းလိုက်တာ။ ခွင့်ပြုမိန့်ကျရင် ပြန်လုပ်လို့ရနိုင်အောင် ပိတ်လိုက်တာ” ဟု ပြောကြားသည်။

ယင်းဒေသအား ပြီးခဲ့သော အောက်တိုဘာလ ၁၁ ရက်နေ့မှစတင်၍ ဒေသန္တရအမိန့်ထုတ်ထားပြီး တစ်လကြာသည်အထိ ရေနံလက်ယက်တွင်းများမှ ဆက်လက်တူးဖော်ထုတ်ယူသယ်ဆောင်ခြင်းတို့ ပြုလုပ်သည့်အတွက် ယင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးက နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ တားမြစ်မိန့်ထုတ် ကြေညာခဲ့သည်။

ယင်းမြို့ တက်မရေနံမြေ၊ တောင် ဘီလေးကျေးရွာအုပ်စုနှင့် တက်မကျေးရွာအုပ်စုတို့မှ တောင်ဘီလေးကျေးရွာရှိ အလယ်ရွာကွင်း ၁၈၀၈၊ ကျောက်တန်းကွင်း ကွင်းအမှတ် ၁၈၀၅၊ တက်မကျေးရွာ ညောင်ပင်သာကွင်း ကွင်းအမှတ် ၁၇၇၉ တို့ရှိ ရေနံမှော် သုံးနေရာကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပုဒ်မ ၁၄၄ တားမြစ်မိန့်ထုတ်ထားသော်လည်း ရေနံလက်ယက်တွင်းများမှ ရေနံထုတ်ယူနေခြင်းတို့တွေ့ရှိရသဖြင့် ယင်းရေနံမှော်များတွင် တရားဝင် ထုတ်ယူခွင့် ခွင့်ပြုချက်မရရှိသေးသော အချိန်ကာလများတွင် ဆက်လက်မထုတ်ယူနိုင်ရန် ရေနံတွင်းများ၏ နှစ်လက်မ သံပိုက်လုံးများအတွင်းသို့ မိုးကာစအပြဲ များကို လေးပေ၊ ငါးပေခန့် ထိုးသွင်းထည့် ပြီး ယင်းအပေါ်မှ ကျောက်စရစ်၊ သဲ ၊ ဘိလပ်မြေ ရောစပ်ထားသော ကွန်ကရစ်လောင်းထည့်ပြီး ခေတ္တယာယီအနေနှင့် ပိတ်ဆို့ထားခြင်းဖြစ်သည်ဟု ညောင်ဦးခရိုင် စီမံခန့်ခွဲရေးအဖွဲ့ထံမှ သိရသည်။

တရားဝင်ရေနံလက်ယက်တွင်း တူးဖော်ထုတ်ယူခွင့် ခွင့်ပြုချက်ရရှိပါက ယင်းရေနံတွင်းများမှ ရေနံဆက်ထုတ်ယူနိုင်ရန်အတွက် တွင်းပိုက်ထဲသို့ လေးပေ၊ ငါးပေခန့်သာ ကွန်ကရစ်လောင်းပိတ်ဆို့ထားခြင်းဖြစ်ပြီး ခွင့်ပြုမိန့်ရရှိချိန်တွင် တွင်း သံပိုက်လုံးအား ယင်းနေရာအထိ ဖြတ်ထုတ်ပြီး ပိုက်လိုင်းပြန်ဆက်ကာ ရေနံဆက်လက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ယင်းခရိုင် စီမံခန့်ခွဲမှုကော်မတီက ပြောဆိုသည်။

ယင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း ဦးဆောင်သော ရဲတပ်ဖွဲ့အပါအဝင် ဌာနပေါင်းစုံမှ စုစုပေါင်းအင်အား ၈၀ ကျော်ခန့်က နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ တက်မကျေးရွာအနီးရှိ တက်မရေနံမှော်၊ ညောင်ပင်သာကွင်းရှိ ရေနံလက်ယက်တွင်း ၁၀၀ ကျော်ရှိ ရေနံတွင်းသံပိုက်များအတွင်းသို့ ကွန်ကရစ်ပိတ်ဆို့ခြင်း၊ တဲများဖျက်သိမ်းခြင်းနှင့် နှစ်လက်မ သံပိုက် ငြမ်းတိုင် ၁၁ လုံးတွေ့ရှိ၍ ပိုင်ရှင်မဲ့ သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

ယခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ညောင်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီအဖွဲ့က ယင်းဒေသတွင် တရားမဝင်ရေနံ လက်ယက်တွင်းများ တူးဖော်နေ၍ တားမြစ်ခဲ့သည်။

ရေနံမှော်များကို ရပ်တန့်လိုက်ပါက ရင်းနှီးမြှုပ်နှံမှုများရှိ၍ အခက်အခဲများရှိကြောင်း၊ ဒေသခံ ကျေးရွာသား၏ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသွားသဖြင့် စားဝတ်နေရေး အခက်အခဲရှိကြောင်း၊ ရေနံမှော်ကို အမြန်ဆုံးလုပ်ကိုင် ခွင့်ပြုပေးရန် ဒေသခံများက ပြောဆိုသည်။

နေနိုင်