News

POST TYPE

LATEST NEWS POST

ဆိပ်ဖြူကြက်သွန်နီ သုံးရက်အတွင်း ကျပ် ၅၀၀ ကျော် ဈေးတက်
14-Nov-2019

ချောက်၊ နိုဝင်ဘာ ၁၄

ဆိပ်ဖြူမြို့နယ်ထွက် ကြက်သွန်နီ သုံးရက်အတွင်း တစ်ပိဿာလျှင် ကျပ် ၅၀၀ ကျော် ဈေးတက်ကြောင်း ကြက်သွန်နီ အဝယ်ဒိုင်များထံမှ သိရသည်။

ဘုရင့်နောင်ဈေးကွက် ဈေးတက်၍ ယင်းသို့ ဈေးတက်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်က တစ်ရာကျပ်၊ နိုဝင်ဘာ ၁၃ ရက်က နှစ်ရာကျပ်၊ နိုဝင်ဘာ ၁၄ ရက်က တစ်ရာကျပ် ဈေးတက်ကြောင်း ကြက်သွန်နီကုန်သည် ကိုဖိုးချမ်းက ပြောသည်။ 

“ရခိုင်ကလည်း အဝယ်လိုက်နေလို့ ဒီဈေးအထိ မြင့်တက်လာတာပါ။ ဆိပ်ဖြူမြို့ထွက် ကြက်သွန်နီကို ရန်ကုန်နဲ့ ရခိုင်ကို တင်ပို့ရောင်းချမှုရှိနေပါတယ်”ဟု ၎င်းက ပြောကြားသည်။ 
ဆိပ်ဖြူကြက်သွန်နီ အဝယ်ဒိုင်၏ နိုဝင်ဘာ ၁၄ ရက်ပေါက်ဈေးအရ လုံးကြီးတစ်ပိဿာ ၂၃၅၀ ကျပ်မှ ၂၄၅၀ ကျပ်အထိ၊ လုံးလတ်တစ်ပိဿာ ၂၂၀၀ ကျပ်မှ ၂၃၀၀ ကျပ်အထိ၊ လုံးသေးတစ်ပိဿာ ၂၀၀၀ ကျပ် ပေါက်ဈေးရှိသည်။

ယင်းသို့ ဈေးမြင့်တက်လာမှုကြောင့် တောင်သူများထံမှ ကုန်ပိဿာချိန် သုံးသောင်းနှစ်ထောင်ကျော် အဝင်ရှိကြောင်း အဆိုပါ ကြက်သွန်နီအဝယ်ဒိုင်ထံမှ သိရသည်။ 
နိုဝင်ဘာ ၇ ရက် ဈေးအရ ကြက်သွန်နီလုံးကြီး တစ်ပိဿာ ၁၉၀၀ ကျပ်မှ ၁၉၇၅ ကျပ်အထိ၊ လုံးလတ် တစ်ပိဿာ ၁၇၀၀ ကျပ်မှ ၁၈၇၅ ကျပ် အထိ၊ လုံးသေးတစ်ပိဿာ ၁၅၀၀ ကျပ်မှ ၁၆၅၀ ကျပ်အထိသာ ပေါက်ဈေးရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါရက်က ကြက်သွန်နီဈေးနှုန်း ကျဆင်းခဲ့သောကြောင့် အဆိုပါ အဝယ်ဒိုင် အဝင်ကုန်ပိဿာချိန်၏ သုံးပုံ တစ်ပုံခန့်(ကုန်ပိဿာချိန် ရှစ်ထောင်ခန့်သာ) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။ 

နေနိုင်