News

POST TYPE

LATEST NEWS POST

စီမံ/ဘဏ္ဍာနှင့် စက်မှုဝန်ကြီးဌာန ကိုပေါင်းဆည်းရန် ယနေ့လွှတ်တော်တင်မည်
14-Nov-2019


နေပြည်တော်၊ နိုဝင်ဘာ ၁၄

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် စက်မှုဝန်ကြီးဌာနတို့ကို တစ်ခုတည်းအဖြစ်ပေါင်းဆည်းရန် ယနေ့ (နိုဝင်ဘာ ၁၅ ) ရက်တွင် ကျင်းပမည့် လွှတ်တော်သို့တင်သွင်းမည် ဖြစ်သည်။

အဆိုပါဝန်ကြီးဌာနနှစ်ခုကို ပေါင်း၍ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနဟု ပြင်ဆင်သတ်မှတ်မည်ဖြစ်ပြီး အခြေခံဥပ ဒေပုဒ်မ ၂၀၂ ၊ပုဒ်မခွဲ (က) ပါပြဌာန်းချက်အရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဘောတူညီမှုရယူရန် သဝဏ်လွှာပေးပို့ထားခြင်း ဖြစ်သည်။

နိုင်ငံပိုင်စက်ရုံ၊အလုပ်ရုံများကို အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ စနစ်တကျစီမံခန့်ခွဲနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်ရေးတို့တွင် အဓိကမောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာလက်အောက်ရှိဦးစီးဌာနများနှင့် စက်ရုံအလုပ်ရုံများကို စနစ်တကျလေ့လာသုံးသပ်ပြီး ထိရောက်စွာ အသွင်ကူးပြောင်းနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သမ္မတ၏ သဝဏ်လွှာ တွင်ပါရှိသည်။

စက်မှုဝန်ကြီးဌာနမှ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ( Public Private Partnership-PPP) စာချုပ်ဖြင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော စက်ရုံများ၏ ပိုင်ဆိုင်မှုနှင့် အစုရှယ်ယာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဖွဲ့စည်းထူးထောင်မည့် နိုင်ငံတော်၏ ပုံသေပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးဌာနခွဲ (State Assets Management Unit- SAMU) သို့လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ၊ အချို့သော စက်ရုံ၊ အလုပ်ရုံများကို ကော်ပိုရေးရှင်းအသွင်ကူးပြောင်းခြင်း၊ အစုရှယ်ယာများ ဖွဲ့စည်းခြင်းနှင့် အစုရှယ်ယာများကို SAMU သို့ လွှဲပြောင်းပေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပေါင်းဆည်းပြင်ဆင်သတ်မှတ်ခြင်းကြောင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် တစ်စုတစည်းတည်းဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များထိ ရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ နိုင်ငံပိုင်စက်ရုံများ အသွင်ကူးပြောင်းရေးနှင့် ပုဂ္ဂလိကဦးဆောင်သည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်သည့် အစိုးရအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လွှတ်တော်သို့ပေးပို့ထားသည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယင်းကိစ္စကို နိုင်ငံတော်သမ္မတကိုယ်စား အစိုးရအဖွဲ့ မှ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်က လာရောက်ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှု ရှိ၊ မရှိ သဘောထားရ ယူရဦးမည် ဖြစ်သည်။

S-01