POST TYPE
LATEST NEWS POST
၃၅ ရက်ခန့်သာ စာလာသင်သည့်ဆရာမကို ဒေသခံရွာသားများ ဆန္ဒပြ
14-Nov-2019

ဓာတ်ပုံ-အောင်ကျော်ဦး
ချောက်၊ နိုဝင်ဘာ ၁၄
ယခုပညာသင်နှစ်၊ နှစ်တစ်ဝက်တွင် ၃၅ ရက်ခန့်သာ ကျောင်းလာသည့်ဆရာမကို ပြောင်းရွှေ့ပေးရန်အတွက် ကျေးရွာခံရွာသူ၊ ရွာသား ၅၀ ခန့်က နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဆန္ဒပြခဲ့ကြသည်။
ရေနံချောင်းမြို့နယ်၊ သနပ်ကန်ရွာ အလယ်တန်းကျောင်းမှ ဆရာမဒေါ်ဝင်းဝင်းဌေးဆိုသူ ယင်းသို့ ၃၅ ရက်ခန့်သာ လာခြင်းဖြစ်၍ ဒေသခံရွာသူ၊ ရွာသား ၅၀ ခန့်က ရေနံချောင်းမြို့၊ မြို့နယ်ပညာရေးမှူးရုံးရှေ့သို့ လာရောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဦးဆောင်ဆန္ဒပြသူ ကျောင်းသားမိဘ ဦးဝင်းဖေအောင်က “ပညာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သား၊ သမီး ကလေးတွေ ပညာရေးနစ်နာတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
ကျောင်းလာရက်၊ စာသင်ရက် ၃၅ ရက်ခန့်သာရှိ၍ ပျက်ကွက်ရက်များနေသဖြင့် ကလေးများ ပညာရေးအခက်အခဲဖြစ်မည်ကို စိုးရိမ်၍ သနပ်ကန်ရွာအလယ်တန်းကျောင်းမှ ပြောင်းရွှေ့ပေးရန် ဆန္ဒပြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
သနပ်ကန်ရွာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသံလုံးက ဆရာမဒေါ်ဝင်းဝင်းဌေး ကျောင်းပျက်ရက်များသည်မှာ မှန်ကန်ကြောင်းနှင့် ယင်းအတွက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီအထက်သို့ တင်ပြထားကြောင်း ရှင်းပြသည်။
“အထက်ကလည်း လာရောက်စစ်ဆေးပြီးပါပြီ။ အဖြေတော့ မထွက်သေးပါဘူး။ အဲဒီအတွက်လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကျောင်းအုပ်ဆရာကြီး ဦးသံလုံးက ပြောကြားသည်။
ယင်းသို့ ခွင့်ရက်များနေရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ ရေနံချောင်းမြို့နယ် ပညာရေးမှူးရုံးနှင့် ကာယကံရှင် ဆရာမ ဒေါ်ဝင်းဝင်းဌေးဆိုသူထံ The Voice က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၈၀ ခန့်ပညာသင်ယူနေပြီး အလယ်တန်းပြ (၁) ဆရာမ ၄ ဦး၊ အလယ်တန်းပြ (၂) ဆရာမတစ်ဦး၊ မူလတန်းပြ ဆရာမ ၃ ဦး၊ ကာယဆရာတစ်ဦး၊ ကျောင်းစောင့်တစ်ဦးရှိကြောင်း ယင်းကျောင်းထံမှ သိရသည်။
သို့သော် သနပ်ကန်ရွာအလယ်တန်းကျောင်းတွင် လစ်လပ်အနေဖြင့် အလယ်တန်းပြ ဆရာ၊ ဆရာမနှစ်ဦး၊ မူလတန်းပြ ဆရာ၊ ဆရာမနှစ်ဦး လိုအပ်နေသေးကြောင်း အဆိုပါကျောင်းထံမှ သိရသည်။
နေနိုင်
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021