News

POST TYPE

LATEST NEWS POST

မင်းသစ္စာနှင့် ရွှေစင်စြင်္ကာ တိုက်မိ၍ ၁၆ ဦး ဒဏ်ရာရ
14-Nov-2019

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

တောင်ငူ၊ နိုဝင်ဘာ ၁၄

အမြန်လမ်း မိုင်တိုင် ၁၉၄ အနီးတွင် နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၁ နာရီခွဲကျော်က မင်းသစ္စာ ခရီးသည်တင်ယာဉ်နှင့် ရွှေစင်စြင်္ကာ ခရီးသည်တင်ယာဉ်တိုက်မိ၍ ရဟန်းတစ်ပါးအပါအဝင် ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ခရီးသည် ၃၀ ဦးကျော်ပါလာသည့် မင်းသစ္စာ ခရီးသည်တင်ယာဉ်သည် လားရာတူ ရှေ့မှမောင်းနှင်နေသည့် ခရီးသည် ၄၀ ဦးကျော် လိုက်ပါလာသည့် ရွှေစင်စြင်္ကာ ခရီးသည်တင်ယာဉ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းသို့ဝင်တိုက်မိ၍ မင်းသစ္စာယာဉ်ပေါ်မှ ရဟန်းတစ်ပါး၊ ခရီးသည် ၁၃ ဦးနှင့် ရွှေစင်စြင်္ကာယာဉ်ပေါ်မှ ခရီးသည်နှစ်ဦး ဒဏ်ရာခဲ့သဖြင့် နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

ဒဏ်ရာရသူ ၁၆ ဦးအနက် နှစ်ဦးသည် ပြင်းထန်သဖြင့် စိုးရိမ်ရအခြေအနေရှိကြောင်းနှင့် ဒဏ်ရာရသည့် ရဟန်းတစ်ပါးမှာ လက်သန်းပြတ်သွားသည့်အနေအထားရှိကြောင်း နေပြည်တော်အမြန်လမ်းကြက်ခြေနီစခန်း တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အမှုနှင့်ပတ်သက်ပြီး မင်းသစ္စာယာဉ်မောင်း ကိုအောင်ထွန်း (၃၅ နှစ်) နှင့် ရွှေစင်စြင်္ကာယာဉ်မောင်း ကိုအောင်ဆန်းဝင်း (၅၁ နှစ်) ကို ပုလွေးအမြန်လမ်းရဲတပ်ဖွဲ့စခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ၃၃၈ဖြင့်အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

အမြန်လမ်းတွင် အောက်တိုဘာ ၂၄ ရက်၊ နံနက်ပိုင်းကလည်း နံနက် ၆ နာရီခွဲမှ ၈ နာရီကြား ၂ နာရီအတွင်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးသေဆုံးခဲ့ကာ ၁၇ ဦးဒဏ်ရာရခဲ့သေးကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အမြန်လမ်းတွင် အောက်တိုဘာက ယာဉ်မတော်တဆမှု ၆၀ ကျော်၊ သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၁၃၀ ဦးကျော်ရှိခဲ့ပြီး စက်တင်ဘာတွင် ယာဉ်မတော်တဆမှု ၃၀ ကျော်၊ သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရသူ ၇၀ ကျော်ရှိကြောင်း အဆိုပါရဲရုံးထံမှ သိရသည်။

R-15