News

POST TYPE

LATEST NEWS POST

ဦးစိုးထွန်းရှိန်ကို ရမည်သင်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ရုံးထုတ်၊ တရားလိုကို စတင်စစ်ဆေး
13-Nov-2019


မိတ္ထီလာ -နိုဝင်ဘာ (၁၃)

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်ကို နိုဝင်ဘာ (၁၃) ရက်က ရမည်းသင်းမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ် ပြီး တရားလို ဖြစ်သည့် အမှတ်(၂)သတ္တုတွင်းလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးအေးဇော်ကို စတင် စစ်ဆေးခဲ့ကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။

''တိုင်ချက်ပါ အတိုင်းစစ်ဆေးခဲ့ပြီး လာမယ့်အပတ်မှာ စွပ်စွဲခံထားရသူက ပြန်လှန်မေးခွင့်ရှိတယ်''ဟု ရမည်းသင်းမြို့နယ်တရားသူကြီး ဦးဇော်လင်းမောင် က မီဒီယာများကို ပြောကြားသည်။

အဆိုပါ အမှုတွင် တရားလိုပြသက်သေ(၁၈)ယောက် တင်ပြထား ပြီး လာမည့်ရုံးချိန်းကိုနိုဝင်ဘာ(၂၆)ရက် သို့ ချိန်းဆိုကာ တရားလိုကို ဆက်လက် စစ်ဆေးမည်ဖြစ်သည်။

ဦးစိုးထွန်းရှိန် ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိုင်းနိုင်ငံသို့ သွားရောက်ကာ ထိုင်းရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းလျက် နိုဝင်ဘာ(၆)ရက်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ(၇)ရက် ညနေပိုင်းတွင် ရမည်းသင်းမြို့နယ် တရားရုံးတွင် ရမန်ယူ၍ ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်မှာ ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ဒေသရှိ မြေဧက (၆၀၀၀)ကျော်ရွှေလုပ်ကွက်ကြီးတွင် ရွှေတွင်းလုပ်ငန်းများလုပ်ကိုင်ရန် တင်ဒါ အောင်မြင်ခဲ့ပြီး၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေပိသာ ၁၃၀၀ ခန့်ကို ပေးဆောင်ခြင်းမပြုဘဲ တရားမဝင်ဆက်လက်လုပ်ကိုင်နေသည့်အတွက် ၂၀၁၉ခုနှစ် မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုများဖြင့် စွဲဆိုခဲ့ခြင်းဖြစ်သည်။

R-01

Photo - ရွှေမောင်မောင်