News

POST TYPE

LATEST NEWS POST

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားဟု မြန်မာလက်ရွေးစင်အသင်းနည်းပြဆို
13-Nov-2019


မန္တလေး၊ နိုဝင်ဘာ ၁၃

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကာ အိမ်ကွင်းအားသာချက်၊ ပရိသတ်အားပေးမှုတို့ဖြင့် အကောင်းဆုံးကစားကာ သွင်းဂိုးများရရှိအောင် ကြိုးစားမည်ဖြစ်ကြောင်း မြန်မာလက်ရွေးစင်အသင်းနည်းပြ အန်တွမ်နီဟေက ပြောကြားသည်။

“ပြင်ဆင်ခွင့်ရတဲ့ သုံးပတ်တာကာလအတွင်းမှာ ရုပ်ပိုင်းကစားကွက်ပိုင်းဆိုင်ရာကို ပြင်ဆင်ခဲ့ပြီးပါပြီ။ ကစားသမားတွေရဲ့ယုံကြည်မှုကလည်း မြင်တက်လာပါပြီ။ အရင်ပွဲတွေရလဒ်ဆိုးခဲ့တော့ အခြေအနေက အရမ်းဆိုးနေပါပြီ။ ပရိသတ်တွေအားပေးမှု အရမ်းလိုပါတယ်။ မြန်မာအသင်းက ရမှတ်မရှိသေးဘူး။ ဂိုးလည်းမရှိသေးဘူး။ ပေးဂိုးကလည်း ၁၀ ဂိုး ရှိနေတယ်။ တာဂျစ်ကစ္စတန်အသင်းက ခက်ခဲတဲ့ပြိုင်ဘက်ပါ။ မြန်မာအသင်းအနေနဲ့ အိမ်ရှင်အားသာချက်ရှိတယ်။ ပရိသတ်တွေအားနဲ့ အကောင်းဆုံးကစားသွားမှာပါ။ ကစားသမားတွေကို အကောင်းဆုံးပြင်ဆင်ထားပါတယ်။ သွင်းဂိုးတွေရအောင် ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် တာဂျစ်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ညနေတွင် မန္တလေးမြို့ရှိ မန္တလာသီရီအားကစားကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆက်တိုက်ရှုံးနိမ့်ခဲ့သည့် မြန်မာအသင်းအပေါ် ပရိသတ်များ၏ ဝေန်ပြောဆိုမှုများနှင့်ပတ်သက်ပြီး အသင်းခေါင်းဆောင် ဇော်လင်းထွန်းက “နိုင်ငံအတွက် ပေးဆပ်ချင်တဲ့ ကစားသမားတွေချည်းပဲ။ မြန်မာနိုင်ငံက ဘောလုံးအဆင့်အတန်းနိမ့်တယ်၊ လိုအပ်ချက်တွေရှိနေတယ်။ ဆေးဝါးကအစ ကွာဟမှုတွေရှိနေတယ်။ တစ်ခြားနိုင်ငံနဲ့နှိုင်းယှဉ်ရင် လိုအပ်ချက်တွေက အများကြီးရှိနေဆဲပါ။ ကျွန်တော်တို့လည်း မြန်မာဘောလုံးအသင်းကို အောင်မြင်စေချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ သာတာဆိုလို့ စိတ်ဓာတ်ပဲရှိပါတယ်” ဟု ပြောဆိုသည်။

မြန်မာလက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲသုံးပွဲ ယှဉ်ပြိုင်ကစားထားပြီး အဝေးကွင်းများဖြစ်သည့် မွန်ဂိုလီးယားကို ၁-ဝ ဂိုး၊ ကာဂျစ္စတန်ကို ၇-ဝ ဂိုး၊ အိမ်ကွင်း၌ ဂျပန်အသင်းကို ဝ-၂ ဂိုးတို့ဖြင့် သုံးပွဲဆက်ရှုံးနိမ့်ထားသည်။

အုပ်စုပွဲစဉ် ၃ အပြီးတွင် ဂျပန်အသင်းက သုံးပွဲနိုင် ရမှတ်ကိုးမှတ်ဖြင့် ဦးဆောင်နေပြီး ကာဂျစ္စတန်အသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့က ခြောက်မှတ်စီဖြင့် ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်နေပြီး မွန်ဂိုလီးယားက သုံးမှတ်ဖြင့် စတုတ္ထ၊ မြန်မာအသင်းကရမှတ် မရရှိသေးဘဲ အုပ်စုအောက်ဆုံး၌ ကျရောက်နေသည်။

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (စ) တွင် ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မြန်မာနှင့် မွန်ဂိုလီးယားအသင်းတို့ ပါဝင်သည်။

M-04