POST TYPE

LATEST NEWS POST

ဗြိတိန်တွင် ကွန်တိန်နာပုံးအတွင်း လူသေအလောင်း ၃၉ လောင်း တွေ့ရှိ
23-Oct-2019


အက်ဆက်၊ အောက်တိုဘာ ၂၃

ဗြိတိန်နိုင်ငံ အင်္ဂလန်ကျွန်း အက်ဆက်ဒေသတွင် လော်ရီကားတစ်စင်း၏ ကွန်တိန်နာအတွင်းမှ လူသေအလောင်း ၃၉ လောင်းကို တွေ့ရှိထားကြောင်း သတင်းများက ဖော်ပြထားသည်။

စက်မှုဇုန်တစ်ခုအနားတွင် အဆိုပါကားကွန်တိန်နာ အတွင်းမှ လူသေအလောင်းများကို တွေ့ရှိရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လော်ရီကားကို မောင်းလာသော ယာဉ်မောင်းမှာ အသက် ၂၅ နှစ်အရွယ် မြောက်အိုင်ယာလန်သားဖြစ်ပြီး လူသတ်မှုအတွက် မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးနေသည်။

လော်ရီကားသည် ဘူဂေးရီးယားမှ လာခြင်းဖြစ်ပြီး အင်္ဂလန်သို့ စနေနေ့က ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အရွယ်ရောက်ပြီးလူ ၃၈ ဦးနှင့် ဆယ်ကျော်သက် တစ်ဦးတို့ ပါဝင်ကြောင်း အလောင်းများကို စစ်ဆေးပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနေကြကာ ယင်းလုပ်ငန်းစဉ်သည် ကြာမြင့်လိမ့်မည်ဟု အရာရှိများက ဆိုသည်။

“လော်ရီကားယာဉ်မောင်းကို ကျွန်တော်တို့ ဖမ်းဆီးထားပါတယ်။ စုံစမ်းစစ်ဆေးနေပါတယ်”ဟု ရဲအရာရှိ အန်ဒရူးမရီနာက ပြောကြားသည်။

ဝါးတာဂလိတ် စက်မှုဇုန်ဒေသကို ပိတ်ထားကာ ရဲက စုံစမ်းစစ်ဆေးမှုများ တစ်ပြိုင်နက် ပြုလုပ်လျက်ရှိသည်။

အက်ဆက်ဒေသတွင် ဖြစ်ပွားသော အဆိုပါ အစုလိုက်အပြုံလိုက် အလောင်းများ တွေ့ရှိမှုအတွက် စိတ်မချမ်းမြေ့လန့်ခဲ့ရကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဆိုသည်။

သတင်းကို စောင့်ကြည့်နေပြီး ပြည်ထဲရေးဌာနက အက်ဆက်ဒေသ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို စုံစမ်းဖော်ထုတ်လိမ့်မည်ဟု မစ္စတာဂျွန်ဆင်က Twitter တွင် ရေးသားထားသည်။ 

F-02