News

POST TYPE

LATEST NEWS POST

AA က ကိုယ်ဝန်သည်အမျိုးသမီးနှင့် ခင်ပွန်းကို ပြန်လွှတ်ပေး
23-Oct-2019
ကလေး၊ အောက်တိုဘာ ၂၃

AA လက်နက်ကိုင်အဖွဲ့က ဖမ်းထားခဲ့သူများအနက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သာယာကုန်းရွာနေ ကိုယ်ဝန်သည် အမျိုးသမီးနှင့် ၎င်း၏ခင်းပွန်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့ကြောင်း အဆိုပါရွာသားများထံမှ သိရသည်။ 

ပလက်ဝမြို့နယ်၊ သာယာကုန်းရွာနေ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦး အောက်တိုဘာ ၅ ရက်က တောင်ယာသွားစဉ် AA အဖွဲ့နှင့်တွေ့ရာ တပ်မတော်ကို သတင်းပေးမည်စိုး၍ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အောက်တိုဘာ ၁၂ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ 

အဆိုပါကျေးရွာအနီး မီးဇာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟွေ့လောက “ပြန်လွတ်လာပါပြီ။ အေအေတွေက ပြန်လွှတ်ပေးတာ။ သူတို့ လင်မယား အခု သာယာကုန်းရွာမှာပဲ နေထိုင်နေကြပါတယ်” ဟု ပြောကြားသည်။ 

ယခုနှစ် ဇွန်လမှစတင်ကာ အောက်တိုဘာလ ၁၅ ရက်အထိ စာရင်းအရ ပလက်ဝမြို့နယ်နေ ချင်းတိုင်းရင်းသား အရပ်သား ၁၅ ဦးကို AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခူမီးချင်းမျိုးနွယ်စုကော်မတီက အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်သည်။

သို့သော် ယခုပြန်လွတ်လာသည့် နှစ်ဦးအကြောင်း ဆက်သွယ်ရေးခက်၍ သတင်းရရှိမှုနောက်ကျသဖြင့် အောက်တိုဘာ ၂၀ ရက် ထုတ်ပြန်ချက်တွင် ထည့်သွင်းထုတ်ပြန်မိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ 

သာယာကုန်းရွာသည် မီးဇာရွာ၏ အနောက်ဘက် ခြေလျင်ဖြင့် တစ်ရက်ကြာသွားရသည့်ရွာဖြစ်ပြီး မီးဇာရွာကို ပလက်ဝမြို့ မြောက်ဘက် ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် ၅ နာရီကြာ သွားရသည်။ 

R-20