News

POST TYPE

LATEST NEWS POST

သာကေတတွင် အမျိုးသမီးတစ်ဦး လမ်းပေါ်တွင် ဓားထိုးအသတ်ခံရ
23-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၂၃

သာကေတမြို့နယ်၊ ပိတောက်ရွှေဝါလမ်းနှင့် စံပယ်လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်ရှေ့တွင် အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းက နေအိမ်မှ ဈေးသို့ သွားသည့် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက လူမြင်ကွင်းတွင် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၅၁ နှစ်အရွယ်ရှိ အမျိုးသမီးမှာ သာကေတမြို့နယ်၊ (၇/အရှေ့) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်နေ့ မွန်းလွဲ ၂ နာရီခန့်က နေအိမ်မှ ဈေးသို့ တစ်ဦးတည်းလမ်းလျှောက်သွားစဉ် ပိတောက်ရွှေဝါလမ်းနှင့် စံပယ်လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်ရှေ့အရောက် ဆိုင်အတွင်းမှ ပြေးထွက်လာသူ ကိုမျိုး (၄၃) နှစ်က ယင်းအမျိုးသမီးကို ဓားဖြင့်ထိုးခဲ့သည်။

ဓားဖြင့်ထိုးခံရသည့် အမျိုးသမီးမှာ ရေမြောင်းထဲလဲကျစဉ် ကိုမျိုးမှ ရေမြောင်းထဲသို့ ဆင်း၍ ဓားဖြင့် ထပ်မံဆင့်ထိုးပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဒဏ်ရာရရှိသည့် အမျိုးသမီးကို ပတ်ဝန်းကျင်မှ လူများက ဆေးရုံတင်ပို့ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း အမျိုးသမီးမှာ သေဆုံးခဲ့သည်။

ဝမ်းဗိုက်နှင့် ပေါင်တွင် ထိုးသွင်းဒဏ်ရာများဖြင့် အသက် ၅၁ နှစ်အရွယ် အမျိုးသမီးမှာ သေဆုံးခဲ့သောကြောင့် သာကေတနယ်မြေရဲစခန်းမှ (ပ) ၁၁၂၈/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူ ကိုမျိုးကို ရှာဖွေဖမ်းဆီးပြီး သက်သေခံဓားကို သိမ်းဆည်းခဲ့သည်။

ဖမ်းမိသူ ကိုမျိုး (ခ) မောင်မျိုး (ခ) မျိုးမျိုးဝင်းကို စစ်ဆေးရာ သေဆုံးသူ အမျိုးသမီးမှာ ၎င်း၏ ယောက်ဖနှင့် အိမ်ထောင်ကျနေသူဖြစ်ပြီး လူမှုရေးပဋိပက္ခများရှိသောကြောင့် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03