News

POST TYPE

LATEST NEWS POST

အလုပ်အကိုင် ၃၃၀၀၀ ကျော်ဖန်တီးပေးနိုင်မည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုခွင့်ပြုပေး
22-Oct-2019

ရန်ကုန်၊ အောက်တိုဘာ ၂၂

ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၂၇၉ နေရာ ဖန်တီးပေးနိုင်မည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၁၇ ကြိမ်မြောက်အစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦးတက်ရောက်ခဲ့ကြကာ ယင်းအစည်းအဝေးတွင် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ခွင့်ပြုပေးလိုက်သည့်လုပ်ငန်း ၈ ခုမှာ အိမ်ယာ/အဆောက်အဦကဏ္ဍ၊ ပညာရေးဝန်ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့မှဖြစ်ပြီး ယင်းလုပ်ငန်း ၈ ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၇၉ ဒသမ ၈၈ သန်းနှင့် ကျပ် ၁၅ယ၆၉၃,ဝ၀၁ သန်းရှိကာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၂၇၉ နေရာဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

“ကျွန်တော်တို့ ကြိုးနီစနစ်တွေ ဖယ်ရှားပြီး အဂတိတရားကင်းစေဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေ အထောက်အကူဖြစ်ဖို့ နိုင်ငံတော်သမ္မတရုံးက ဦးဆောင်ပြီး ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်တဲ့ဆောင်ရွက်ချက်တွေကို ပြင်ဆင်ဆောင်ရွက်နေတာရှိပါတယ်။ ဒါက အစိုးရအနေနဲ့ ရလဒ်တစ်ခုကို ဖန်တီးဖော်ဆောင်နေတယ်ဆိုတာ သိသာပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံပေါင်း ၅၀ တို့မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၈၃၇ ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်းအမေရိကန်ဒေါ်လာသန်းပေါင်း ၈၁,၈၇၄,၂၆၅ ဖြင့်ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များထုတ်ပေးခဲ့ကာ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့်နိုင်ငံများမှာ စင်ကာပူ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။

နိုင်ငံပေါင်း ၅၀ မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားမှုအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၃၈ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၈၇ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ဝ၈ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

J-11