News

POST TYPE

LATEST NEWS POST

ဂျင်ဝိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်း ပါဝင်ခြင်းမရှိဟုဆို
22-Oct-2019
ချောက်၊ အောက်တိုဘာ ၂၁

ရေစကြိုမြို့နယ် ဖူလုံရွာအနီးတောရိုးအတွင်း ဖမ်းမိသော ဂျင်လောင်းကစားဝိုင်းတွင် စိုက်ပျိုးရေးဌာနဝန်ထမ်း ပါဝင်ခြင်းမရှိကြောင်း ရေစကြိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ 

မကွေးတိုင်းရဲတပ်ဖွဲ့က အဆိုပါ ကျေးရွာအနီး တောရိုးအတွင်း၌ ဂျင်လောင်းကစားဝိုင်း ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသည့်အမျိုးသား ၁၃ ဦးထဲတွင် ရေစကြိုမြို့ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဝေလင်းမောင် ပါရှိခဲ့သည်။

ယခင်နှစ်က တောင်သူများထံပေးထားသော မြေပဲမျိုးကို တောင်သူများက ကြိုက်နှစ်သက်၍ ယင်းမြေပဲမျိုး ဖြန့်ဝေရန်သွားခြင်းဖြစ်ကြောင်း ဦးဝေလင်းမောင်၏ ပြောဆိုချက်ကိုကိုးကား၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဌေးက ပြောကြားသည်။

“အဲဒီ မြေပဲမျိုးကို ဖြန့်ဖို့သွားတာပါ။ တောင်သူတွေနဲ့မတွေ့လို့ စိုက်ကွင်းဘက်ကို သွားရာလမ်းမှာ လူအုပ်စုတွေ့လို့ဆိုပြီး ကြည့်တယ်။ ကျွန်တော့်ကို ပြောတယ်။ စီမံချက်နဲ့ဖမ်းတဲ့အထဲမှာ သူက အဲဒီအထဲ ရောက်သွားတာပေါ့နော်။ သူက လောင်းကစားဝိုင်းထဲတော့ သူမရှိဘူးပြောတယ်”ဟု ဦးကျော်ဌေးက ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ရေစကြိုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ထမ်းဖြစ်ကြောင်း၊ တာဝန်ဖြင့် ရုံးဆိုင်ကယ်နှင့်လာကြောင်း ရဲတပ်ဖွဲ့ကိုပြောဆိုခဲ့ကြောင်း ဦးဝေလင်းမောင် ပြောဆိုချက်ကို ကိုးကား၍ ယင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ ထူးခြားဖြစ်စဉ်ကိုတော့ တိုင်းကို ပြောရမယ်ဆိုတော့ ထူးခြားဖြစ်စဉ်လေးပဲ အဲဒီအတိုင်းလေး တင်ထားတယ်”ဟု ဦးကျော်ဌေးက ပြောကြားသည်။

ရေစကြိုမြို့မရဲစခန်းမှူး ဒုရဲမှူးဆန်းဦးက “သူ့ဌာနကို အကြောင်းကြားစာ ပေးပို့ထားတယ်။ မြို့နယ်က အထက်ကို တင်ပြထားတယ်”ဟု ပြောဆိုသည်။

ယင်းဂျင်လောင်းကစားဝိုင်းတွင် ဖမ်းဆီးမိသော ဦးဝေလင်းမောင် အပါအဝင် ၁၃ ဦးကို အာမခံပေးထားကြောင်း၊ ဥပဒေအကြံပြုချက်အတိုင်း ၎င်းတို့ကို တရားစွဲဆိုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

နေနိုင်


  • VIA