News

POST TYPE

LATEST NEWS POST

နိုင်ငံသားစိစစ်ရေးကတ်ကို စမတ်ကတ်ပြောင်းလဲရေး ဩစတြေးလျအကူအညီယူရန် လွှတ်တော်သို့တင်မည်
22-Oct-2019
ရန်ကုန်၊ အောက်တိုဘာ၊၂၁

နိုင်ငံသားစိစစ်ရေးကတ်ပြားကို စမတ်ကတ်အဖြစ် ပြောင်းလဲရန် ဩစတြေးလျနိုင်ငံ၏ အကူအညီရယူမည့်ကိစ္စကို လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေက ပြောကြားသည်။ 

အောက်တိုဘာလ ၂၁ ရက်က ပြုလုပ်သော ILO နှစ်တစ်ရာပြည့်အခမ်း အနားတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး လွှတ်တော်၏ ခွင့်ပြုချက်ရရှိပါက လုပ်ငန်းစတင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“ဒီအစိုးရ လက်ထက်အတွင်း လုပ်ဖြစ်မှာပါ”ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ 

မှတ်ပုံတင်ကို စမတ်ကတ်ပြောင်းလဲခြင်း အပါအဝင် ဝန်ကြီးဌာနအနေနှင့် လတ်တလောတွင် ကြားဖြတ်သန်းခေါင်စာရင်းအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကောက်ကွက်များ ပြုလုပ်ထားကာ စနစ်တကျပြင်ဆင်ထားပြီး ကောက်ယူမည့် သင်တန်းသားများအတွက် နှစ်မကုန်ခင် လေ့ကျင့်ခန်း သင်တန်းပေး၍ ဆင့်ပွားသင်တန်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ဘတ်ဂျက် ဘယ်လောက်ထိ သုံးမလဲဆိုတာ လတ်တလောပြောပြလို့ မရပါဘူး၊ မကြာခင် ထုတ်ပြန်ပေးမှာပါ”ဟု ၎င်းက ဆိုသည်။

စမတ်ကတ်ပြုလုပ်ရန် သဘောတူ ညီချက်မူကြမ်းကို သက်ဆိုင်ရာကော်မတီ၊ စီးပွားရေးကော်မရှင်၊ အစိုးရအဖွဲ့၊ လွှတ်တော်တို့သို့ တင်ပြသွားမည်ဖြစ်ပြီး ဩစတြေးလျနိုင်ငံက အကူအညီရယူမည်ဖြစ်သည့်အတွက် လွှတ်တော်က ခွင့်ပြုချက် ရရှိမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်သွားရောက်ခဲ့စဉ်က နိုင်ငံသားစိစစ်ရေးကတ်ပြားကို စမတ်ကတ်ဖြင့် ပြောင်းလဲရန် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဩစတြေးလျနိုင်ငံက အကူအညီယူမည်ဟု အဖွဲ့နှင့် MoU လက်မှတ်ရေးထိုးထားကာ လုပ်ငန်းစဉ်များ ပြီးစီးရန် အချိန်အနည်းငယ်သာလိုတော့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။ 

အေးချမ်းသူ
 
 



  • VIA