News

POST TYPE

LATEST NEWS POST

အစိုးရရောင်းချမည့် မြေကွက်များတွင် အခြေခံအဆောက်အဦအတွက် စရိတ်ထပ်မံကောက်ခံမည်
21-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရက တာဝန်ယူရောင်းချသည့် မြေကွက်များတွင် အခြေခံအဆောက်အဦ လိုအပ်ချက်များဖြစ်သည့် ရေ၊ မီး၊ လမ်းနှင့် မြောင်း တည်ဆောက်မှုများအတွက် ကုန်ကျစရိတ်များကို မြေကွက်ဝယ်ယူရရှိသူထံမှ ငွေကြေးထပ်မံကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

“အခြေခံလိုအပ်ချက်များ အကောင်ထည်ဖော်တဲ့ ကုမ္ပဏီကို စိတ်ဝင်စားမှုအဆိုပြုလွှာ ခေါ်ယူသွားမယ်။ တင်ပြလာတဲ့ ကုမ္ပဏီဖက်က ကုန်ကျစရိတ်များကို မြေဖိုးမှာမပါဝင်ဘဲ သီးသန့်အနေနဲ့ ထပ်မံကောက်ခံသွားမယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့ရှိ မြေကွက်များတွင် အခြေခံလိုအပ်ချက်ရှိသည့်မြေကွက်များရှိပြီး အဆိုပါမြေကွက်များကို အစိုးရဘက်က မြေကွက်ပိုင်ရှင်များ၏ ကုန်ကျစရိတ်ဖြင့် သက်ဆိုင်ရာပုဂ္ဂလိကကုမ္ပဏီကို ဆောင်ရွက်လုပ်ကိုင်ခိုင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါမြေကွက်များကို လက်ရှိတွင် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပြီး ကျပ်တစ်သောင်းကျပ်ဖြင့် ရောင်းချသည့်လျှောက်လွှာများကို နည်းလမ်းမျိုးစုံဖြင့် ပြန်လည်ဝယ်ယူမှုများ ပြုလုပ်လျက်ရှိကြောင်း မြေကွက်လာရောက်ဝယ်ယူသူအချို့ထံမှ သိရသည်။

တိုင်းအစိုးရရောင်းချသည့် မြေကွက်များ၏ ထက်ဝက်ခန့်မှာ ရေ၊ မီး၊ လမ်းစသည့် အခြေခံလိုအပ်ချက်များရှိနေပြီး အဆိုပါကုန်ကျစရိတ်များကိုလည်း အရစ်ကျစနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယင်းမြေကွက်များ၏ တန်ဖိုးများကိုလည်း သက်ဆိုင်ရာကာလတန်ဖိုးစိစစ်ရေးအဖွဲ့၏ မြို့နယ်လိုက်ဈေးနှုန်းများဖြင့် သတ်မှတ်ရောင်းချမည်ဖြစ်ပြီး ကာလတန်ဖိုးသည် အမှန်တကယ်ပေါက်ဈေးထက်မြင့်နေသည့် လိုအပ်များကြောင့် မြေတန်ဖိုးမြင့်တက်နိုင်ကြောင်း ဝေဖန်မှုများလည်းရှိနေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့ထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်