News

POST TYPE

LATEST NEWS POST

ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲ မန္တလေးတွင် ကျင်းပမည်
20-Oct-2019


မန္တလေး၊ အောက်တိုဘာ ၂၀

အာဆီယံနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနေပြီဖြစ်သည့် လမ်းကြမ်းဆိုင်ကယ်စီးနင်းသည့် ပြိုင်ပွဲကဲ့သို့သော ပြိုင်ပွဲတစ်ခုကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ယခုလကုန်ပိုင်းတွင် မန္တလေးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်ကျင်ပသည့် Myanmar Free Rider အဖွဲ့ထံမှ သိရသည်။

မြန်မာဖရီးရိုက်ဒါအဖွဲ့သည် တောင်ဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲများကို မကြာခဏ ကျင်းပလေ့ရှိသည့်အဖွဲ့ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ဆိုင်ကယ်လမ်းကြမ်းစီးနင်းပြိုင်ပွဲကို ကျင်းပရန်စီစဉ်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆီမှာ ဆိုင်ကယ်တွေ အများကြီးရှိတယ်။ စီးစရာနေရာ မရှိလို့သာ မစီးကြဘဲနေကြတာ။ လမ်းတွေပေါ်မှာ ဒီအတိုင်းစီးနေကြတာ တွေ့နေကြရတယ်။ အဲဒီလူတွေကို ကျွန်တော်တို့က ကွင်းထဲကိုစနစ်တကျ စီးနင်းခွင့်ရအောင် လုပ်ပေးတဲ့သဘော ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံမှာ မရှိသေးတဲ့ အားကစားတွေ အများကြီးရှိနေတဲ့အထဲမှာ ဒီတစ်ခုလည်းပါနေတယ်” ဟု အဆိုပါအဖွဲ့၏ တည်ထောင်သူတစ်ဦးအပါအဝင်ဖြစ်သူ ကိုချမ်းလေးက ပြောကြားသည်။

ယခုကဲ့သို့ ကျင်းပသော်လည်း ပထမဆုံးအကြိမ်ကျင်းပသည့် ပွဲဖြစ်သည့်အတွက် နိုင်ငံတကာတွင် ကျင်းပလေ့ရှိသည့် Motocross ပြိုင်ပွဲများ၏ သတ်မှတ်စည်းကမ်းများကို အပြည့်အဝအသုံးပြုနိုင်ခြင်းမရှိသေးဘဲ ကွင်းပတ်အရေအတွက်များဖြင့် ယှဉ်ပြိုင်စေမည်ဖြစ်ကာ ယင်းသို့ယှဉ်ပြိုင်ရာတွင်လည်း ယှဉ်ပြိုင်ကွင်းအတွင်း အနည်းဆုံးနှစ်ရက်ခန့် ကြိုတင်လေ့ကျင့်ထားသူများကိုသာ ယှဉ်ပြိုင်စေမည်ဖြစ်သည်။

ယှဉ်ပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ပြီး ၂၆ ရက်နေ့တွင် အတန်းခွဲ၊ လူရွေးပွဲပြုလုပ်ကာ ၂၇ ရက်နေ့တွင် သူ့အတန်းနှင့်သူ ယှဉ်ပြိုင်ပြီး ဆုပေးပွဲများကို တစ်ခါတည်းကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် Pro၊ Master၊ Beginner ဟူ၍ အတန်းများခွဲထားမည်ဖြစ်ပြီး ယင်းအနက်မှ Pro နှင့် Master တန်းတွင် စီနီယာတန်းနှင့် ဂျူနီယာတန်းများ ထပ်မံခွဲခြားသတ်မှတ်ကာ ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် လမ်းကြမ်းစီးဆိုင်ကယ် အမျိုးအစားများအနက်မှ ၁၁၀ စီစီမှ ၁၂၅ စီစီအထိကို Beginner တန်း၊ ၁၂၅ မှ ၂၃၀ အထိကို Master တန်း၊ ၂၃၁ စီစီနှင့်အထက် ဆိုင်ကယ်များကို Pro တန်းများအဖြစ် သတ်မှတ်ယှဉ်ပြိုင်စေမည်ဖြစ်သည်။

M-04