News

POST TYPE

LATEST NEWS POST

ချီလီဆန္ဒပြအဓိကရုဏ်းများအတွင်း ဈေးဝယ်စင်တာမီးလောင်ရာမှ လူ ၃ ဦးသေဆုံး
20-Oct-2019



စင်တီယေဂို၊ အောက်တိုဘာ ၂၀

ချီလီတွင် ဆန္ဒပြအဓိကရုဏ်းများ ဖြစ်နေသည်မှာ ဒုတိယနေ့ကို ဖြတ်ကျော်ခဲ့ပြီဖြစ်ကာ ဆူပါမားကတ်တစ်ခုပါ မီးလောင်ခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့ရသည်ဟု သတင်းတစ်ရပ်က ဖော်ပြထားသည်။

နှစ်ဦးက အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့ပြီး နောက်တစ်ဦးက ဆေးရုံသို့ ရောက်ရှိစဉ် သေဆုံးသွားခဲ့သည်ဟု မြို့တော်ဝန် ကာလာရူဘီလာက ပြောကြားသည်။

ဆန္ဒပြပွဲကို ဖြစ်စေခဲ့သော မြို့ပတ်ရထားဈေးနူန်းမြှင့်တင်မည့် အစီအစဉ်ကို သမ္မတဆီဘတ်စတီယန်ပီနီရာက ရပ်ဆိုင်းထားလိုက်သော်လည်း မတည်ငြိမ်မှုများက ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

အစိုးရက အရေးပေါ် အခြေအနေ ကြေညာထားပြီး၊ ညမထွက်ရ အမိန့်ထုတ်ထားပြီး၊ စစ်တပ်နှင့် တင့်ကားများ တပ်စွဲထားလျက်ရှိသည်။

လက်တင်အမေရိကနိုင်ငံ ချီလီတွင် လူနေမှုစရိတ်မြင့်တက်လာပြီးနောက် လူထုမကျေနပ်ချက် မြင့်တက်နေသည်ကို ဆန္ဒပြပွဲများက ထင်ဟပ်လျက် ရှိသည်။

ချီလီသည် လက်တင်အမေရိကဒေသတွင် ချမ်းသာကြွယ်ဝမှု အမြင့်ဆုံး ဖြစ်သကဲ့သို့ လူတန်းစား မညီမျှမှုလည်း အမြင့်ဆုံး ဖြစ်သည်။

ထို့ကြောင့် စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ပါရန် တောင်းဆိုမှုများ မြင့်တက်လျက်ရှိသည်။

ဆင်တီယေဂိုမြို့အနှံ့တွင် ရာပေါင်းများစွာသော စစ်အင်အားများ ချထားသည်။ ချီလီ၏ အာဏာရှင် ဗိုလ်ချုပ်ကြီး သြဂတ်စ်တိုပီနိုရှေး ခေတ်ပြီးနောက် ဒီမိုကရေစီပြန်လည်ရရှိပြီးနောက် မြို့ပေါ်တွင် တပ်အင်အားအများဆုံး ချထားသည့် ပမာဏဖြစ်သည်။

ဆန္ဒပြပွဲ ဒုတိယနေ့တွင် အကြမ်းဖက်ဆန္ဒပြသူများက အတားအဆီးများကို ကျော်ဖြတ်ကာ ဘက်စ်ကားများကို မီးရှို့ဆန္ဒပြကြသည်။ မြို့လည်တွင် အဆိုးဆုံး အုံကြွမှုများ ဖြစ်နေသည်။

လူ ၃၀၀ ကျော်ကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ဝင် ၁၅၆ ဦး ဒဏ်ရာရရှိထားကာ၊ အရပ်သား ၁၁ ဦးလည်း ဒဏ်ရာရ ထားသည်ဟု သတင်းများက ဖော်ပြထားသည်။ 

F-02