News

POST TYPE

LATEST NEWS POST

အိမ်အကူအလုပ်သမားများဆိုင်ရာ ဥပဒေ သီးသန့်ပြဋ္ဌာန်းရန်လို
19-Oct-2019
မန္တလေး၊ အောက်တိုဘာ ၁၉

အိမ်အကူအလုပ်သမားများသည် အခြားစက်ရုံ အလုပ်ရုံဝန်ထမ်းများနှင့်မတူဘဲ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေအထိ ညှဉ်းပန်းနှိပ်စက်ခံရနိုင်သည့်အတွက် ၎င်းတို့ကို အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ခု ပြဋ္ဌာန်းပေးရန် လိုအပ်လျက်ရှိကြောင်း အိမ်အကူအလုပ်သမားများဆိုင်ရာ ဥပဒေအကာအကွယ်ပေးရေးအဖွဲ့က ပြောကြားသည်။

အိမ်အကူလုပ်သားများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေများကို ယင်းအဖွဲ့က လေ့လာဆန်းစစ်ပြီး အများပြည်သူကို အသိပေးလျက်ရှိသည်။

“အိမ်ထဲမှာ လုပ်တဲ့လူတွေဆိုတော့ ဆက်သွယ်လို့မရဘူး။ သူတို့ အသတ်ခံရတာတွေ၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ဖြစ်လာမှ သိရတဲ့ အနေအထားဖြစ်တယ်။ ဖြစ်သွားပြီးတဲ့အတွက် သူတို့မှာ ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိတယ်” ဟု အနာဂတ်အလင်းတန်းများ ဆုံမှတ်မှ ဒါရိုက်တာ ဒေါ်သက်သက်အောင်က ပြောကြားသည်။

အိမ်အကူအလုပ်သမားများဆိုင်ရာ ဥပဒေအကာအကွယ်ပေးရေးလုပ်ငန်းအဖွဲ့သည် နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) ၏ အကူအညီဖြင့် ပြည်တွင်းအရပ်ဘက်လူ့အဖွဲ့အစည်း ၇ ဖွဲ့နှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး ၂၀၁၈ ခုနှစ်က အိမ်အကူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းရှိ ဥပဒေများကို လေ့လာသုံးသပ်ကာ စာအုပ်ထုတ်ထားကြောင်း သိရသည်။

ယင်းလေ့လာတွေ့ရှိချက်များကို ထုတ်ပြန်ပြီး အများပြည်သူများ၏ အမြင်သဘောထားများ၊ အစိုးရဌာနဆိုင်ရာများ၏ အမြင်သဘောထားများကိုရရှိပြီး အိမ်အကူအလုပ်သမားများအတွက် ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးကို ယင်းအဖွဲ့က ဆောင်ရွက်လျက်ရှိသည်။

အဆိုပါအဖွဲ့၏ လေ့လာတွေ့ရှိချက်များတွင် အိမ်အကူအလုပ်သမားများသည် အခြားလုပ်ငန်းနယ်ပယ်များမှ အလုပ်သမားများကဲ့သို့ အဖွဲ့အစည်းမရှိခြင်း၊ အကာအကွယ်ပေးနိုင်သည့် ဥပဒေမရှိခြင်းတို့ပါဝင်သည်။

အိမ်အကူအလုပ်သမားများကို ညှဉ်းပန်းနှိပ်စက်သည်များမှာ အသက်အန္တရာယ်၊ ကိုယ်ခန္ဓာ ချို့ယွင်းပျက်စီးသည်အထိ နှိပ်စက်ခံရခြင်းများရှိနေပြီး ရန်ကုန်မြို့ရှိ အင်းဝစက်ချုပ်ဆိုင်မှ အိမ်အကူအလုပ်အလုပ်သမားတစ်ဦး နှိပ်စက်ခံရခြင်းမှာ သတင်းမီဒီယာ၏ ဖော်ပြမှုကြောင့်လူသိပြီး ညှဉ်းပန်းနှိပ်စက်သူများကို အရေးယူနိုင်ခဲ့သည်။

မန္တလေးမြို့တွင်လည်း အိမ်အကူအမျိုးသမီးငယ်တစ်ဦးကို အက်ဆစ်ဖြင့်ပက်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်း၊ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခြင်းများ ပြုလုပ်ခဲ့သည်ကို အမျိုးသမီးငယ်ထွက်ပြေးလွတ်မြောက်လာပြီး တိုင်ကြားမှသာ သက်ဆိုင်ရာကသိရှိပြီး အရေးယူနိုင်ခဲ့သည်။

ထို့ပြင် မန္တလေး အမရပူရမြို့နယ် ထန်းတောကျေးရွာ အပ်ချုပ်ဆိုင်ရှိ အိမ်အကူအမျိုးသမီးငယ်တစ်ဦးလည်း အိမ်ရှင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကိုခံရသည့်အပြင် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုပါ ကြုံခဲ့ရသော်လည်း မည်သူမျှသိရှိခြင်းမရှိဘဲ အမျိုးသမီးငယ်ကိုယ်တိုင် အပြင်ထွက်ခွင့်ရပြီး အုပ်ချုပ်ရေးမှူးထံ တိုင်ကြားနိုင်မှသာ လွတ်မြောက်လာခဲ့ရသည်။

ယင်းသို့ ညှဉ်းပန်းနှိပ်စက်သူ အိမ်ရှင်များကို ရာဇသတ်ကြီးဥပဒေ၊ လုပ်အားခများမပေးခြင်းအတွက် လူကုန်ကူးမှုဥပဒေတို့ဖြင့် အရေးယူနိုင်ခဲ့သော်လည်း အလုပ်သမားဥပဒေဖြင့် အရေးယူနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

M-04