News

POST TYPE

LATEST NEWS POST

ကားများကို လေးဂွဖြင့်ပစ်ခတ်သူ လူငယ်များကို ခံဝန်ရေးထိုးစေပြီး ပြန်လွှတ်
19-Oct-2019

တောင်ငူ၊ အောက်တိုဘာ ၁၉

အမြန်လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်များကို လေးဂွဖြင့်ပစ်ခတ်ခဲ့သူ လူငယ်များကို ဖမ်းဆီးရမိခဲ့သော်လည်း အသက်မပြည့်သဖြင့် ခံဝန်ရေးထိုးစေပြီး မိဘများထံ ပြန်လည်အပ်နှံခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

မြို့ချောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက "ကလေးတွေက ကျောက်တံခါးမြို့၊ အေးရွာဘက်ကပါ။ အလယ်တန်းကျောင်းသားတွေဖြစ်တဲ့အတွက် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်" ဟု ပြောကြားသည်။

အောက်တိုဘာ ၁၇ ရက် ညနေ ၃ နာရီခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အမြန်လမ်းအတိုင်း မောင်းလာသည့် ယာဉ်တစ်စီး မိုင်တိုင် ၉၀ အနီးတွင် လေးဂွဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

သတင်းအရ ရဲတပ်ဖွဲ့က စုံစမ်းရာ တင်ထွန်းအောင် (၁၃ နှစ်)၊ သန့်ဇင်ဖြိုး (၁၇နှစ်)၊ ဇင်ကိုကိုအောင် (၁၄ နှစ်) တို့ကို လေးဂွတစ်လက်နှင့်အတူ ဖမ်းမိခဲ့ပြီး စစ်ဆေးရာမှ တိုးတက်အောင်နှင့် နေလင်းအောင်တို့ အမြန်လမ်းတစ်လျောက် သွားနေသည့်ယာဉ်များကို လေးခွဖြင့်ပစ်ခတ်ခဲ့ကြောင်း စစ်ဆေးသိရှိခဲ့ရကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အမြန်လမ်းတစ်လျှောက်သွားလာနေသော ကားများအား လေးဂွဖြင့်ပစ်ခတ်ခဲ့ကြသည့်လူငယ် ၅ ဦးသည် ပညာသင်ကြားနေသော ကလေးများဖြစ်သည့်အတွက် သတိပေးဆုံးမပြီး အုပ်ထိန်းသူ မိဘများထံသို့ ပြန်လည်အပ်နှံပေးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

R-15